October 18, 2024

၂၆. ၈. ၂၀၂၃

Written by Nay Aung

တရုတ်ရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများကျူးလွန်ခြင်းကြောင့် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသား ၁၁ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ မြဝတီမြို့ရှိ ရဲတပ်ဖွဲ့သည် အွန်လိုင်းမှတစ်ဆင့် ရာဇဝတ်မှုများကျူးလွန်နေသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါဖမ်းဆီးခံရသော တရုတ်နိုင်ငံသားများသည် တရုတ်ပြည်မကြီးရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများလုပ်ဆောင်ကာ ဖြားယောင်းခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေသူများဖြစ်ကြောင်း တရုတ် ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဆိုသည်။

This image has an empty alt attribute; its file name is 370420486_168269369623879_3601130703080515152_n.jpg

တရုတ်နိုင်ငံမှ အွန်လိုင်းကိုအသုံးပြုပြီး ရာဇဝတ်မှုများကျူးလွန်နေသည့် ဂိုဏ်းများသည် ပြီးခဲ့သောနှစ်များအတွင်း တရုတ်ရဲတပ်ဖွဲ့ ဖြိုခွင်းခြင်းများကိုရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံမှ ထွက်ခွာကာ ပြည်ပနိုင်ငံများသို့သွားရောက်ကာအခြေစိုက်လှုပ်ရှားနေခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ မြဝတီမြို့သည် အာဆီယံဒေသတွင်းနိုင်ငံများအနက် လူကုန်ကူးမှုအများဆုံးဖြစ်ပွားနေသည့်စင်တာတစ်ခုဖြစ်လာနေကြောင်း သိရသည်။

တရုတ်ရဲတပ်ဖွဲ့သည် ယခုနှစ် အစပိုင်းတည်းက စတင်ပြီး မြန်မာ၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများကို ဖြိုခွင်းခဲ့ရာ ပြစ်မှုကျူးလွန်သူအဖြစ် သံသယရှိသူ ၃၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

တရုတ်ရဲတပ်ဖွဲ့သည် သြဂုတ် ၂၃ ရက်ကလည်း အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်သူအဖြစ် သံသယရှိသူ နှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ ပြန်လည်လွှဲပြောင်းရယူခဲ့ဖူးသလို ဇွန်လကလည်း ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ခဲ့သူ ၆ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။

Ref—china.org

Leave a Reply

Your email address will not be published. Required fields are marked *