October 18, 2024

၂၆. ၈. ၂၀၂၃

Written by Nay Aung

မလေးရှားနိုင်ငံတွင် နေထိုင်လျက်ရှိနေသည့် မြန်မာတိုင်းရင်းသား အဖွဲ့အစည်း Myanmar Ethnic Organisation (MEO)မှ တိုင်းရင်းသားတစ်ဦးသည် Raub ပြည်နယ် Sungai Ruan ဒေသ Sungai Chalit မြို့တွင် လူအုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်ခံရသည့်အတွက် သေဆုံးသွားခဲ့ကြောင်း မလေးရှားနိုင်ငံ Pahang ဒေသရဲတပ်ဖွဲ့အကြီးအကဲ ဒါတွတ်ဆာရီ ယာဟာယာအော့မန်က ပြောသည်။

မြန်မာတိုင်းရင်းသားအဖွဲ့စည်းမှ လူတစ်ဦးက ၎င်း၏ညီဖြစ်သူသည် လူအုပ်စုလိုက် ဝိုင်းဝန်း တိုက်ခိုက်ခံရသည်ဆိုသည်ဟု ဖုန်းဆက်တိုင်ကြားမှုများကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ မြန်မာတိုင်းရင်းသားသည် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သည့်အတွက် Raub ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း ဆေးရုံတွင် ကုသမှုများပြုလုပ်နေချိန်အတွင်း သေဆုံးခဲ့ရကြောင်း Pahang ဒေသရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

ကနဦးစုံစမ်းစစ်ဆေးမှုများအရ အသက် ၃၂ နှစ်အရွယ်ရှိ မြန်မာတိုင်းရင်းသားသည် ရိုက်နှက်ခံရမှုများကြောင့် ဦးခေါင်းထဲမှ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ခြင်းမျိုးဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။

Pahang ဒေသရဲတပ်ဖွဲ့အကြီးအကဲက “ရဲတပ်ဖွဲ့ဟာ မြန်မာတိုင်းရင်းသား သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တယ်။ အသက် ၂၂ နှစ်နဲ့ အသက် ၄၂ နှစ်အရွယ်ကြား လူပေါင်း ၇ ဦးကို ဖမ်းဆီးခဲ့တယ်” ဟုပြောသည်။

အဆိုပါဖမ်းဆီးထားသူ ၇ ဦးကို လူသတ်မှု ကျူးလွန်ခြင်းရှိမရှိဆိုသောအချက်ကို အသေးစိတ်ထပ်မံစစ်ဆေးရန် ရမန်ယူကာ ဖမ်းချုပ်ပြီး စစ်ဆေးနေကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါ လူအုပ်စုလိုက်ရိုက်သတ်မှုနှင့်ပတ်သက်ပြီး ထူးခြားသောသတင်းအချက်လက်များကို ပေးကြရန်လည်း Raub ပြည်နယ်ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။ သို့သော် မလေးရှားရဲတပ်ဖွဲ့သည် သေဆုံးခဲ့သော မြန်မာတိုင်းရင်းသား၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့သလို ဝိုင်းဝန်းရိုက်ခံရသည့်အဓိကအကြောင်းအရင်းကို အသေးစိတ်ပြောဆိုခြင်းမျိုးမရှိကြောင်းလည်း သိရသည်။

Ref- thesundaily

Leave a Reply

Your email address will not be published. Required fields are marked *