October 18, 2024

၂၆.၈.၂၀၂၃

Written by Peya

မလေးရှားနိုင်ငံတွင် အရက်အလွန်အကျွံသောက်ပြီး ချော်လဲကာ လမ်းဘေး သေဆုံးသွားခဲ့သည့် မြန်မာနိုင်ငံသားနှင့် ပတ်သက်၍ မိသားစုနှင့် မိတ်ဆွေများကို စုံစမ်းမရ ဖြစ်နေကြောာင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက် ညပိုင်းက စလန်းကောပြည်နယ်၊ စမုံ့ညှင်းမြို့နယ် မြို့လယ်ရှိ Good Year ကားတာယာပြုပြင်ရောင်းဝယ်ရေး ဆိုင်အနီးရှိ ကားမှတ်တိုင်တွင် ဦးခေါင်းက သွေးများ ယိုစီးထွက်နေကာ ဒဏ်ရာရထားသူတစ်ဦးရှိကြောင်း တွေရသဖြင့် လမ်းသွားလမ်းလာများက ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“ဒါကြောင့် ရဲတပ်ဖွဲ့က သွားစစ်တော့ သေဆုံးသူဟာ အရက်မူးလာပြီး ချော်လဲတော့ ကားမှတ်တိုင်ကို ဆောင့်မိပြီး သွေးထွက်လွန်တဲ့ အနေအထားနဲ့ သေဆုံးနေတာ တွေ့ရတာပါ။ သူ့အိတ်ထဲကနေ ပိုက်ဆံအိတ်တွေ့ပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား မှတ်ပုံတင်မိတ္တူနဲ့ ကိုဗစ် ဆေးထိုးထားတဲ့ ဆေးထောက်ခံစာ တွေ့ရတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နာရေး ကိစ္စတစ်ခုအတွက် သွားစဉ် အထက်ပါ အမျိုးသားနှင့် ပတ်သက်၍ မလေးရှား တာဝန်ရှိသူများက အကူအညီတောင်းခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် ကိုမြင့်ကျော်ဆိုသူ ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်၊ ကမြော့ကင်းရွာနေသူဖြစ်ကာ အလောင်းကို သေမှုသေခင်းအရ အမှုဖွင့်ထားကြောင်းသိရသည်။

“မိသားစုကို အဆက်အသွယ်မရသေးပါဘူး။ သူ့ကို သိတဲ့သူ ရှိရင် ဆက်သွယ်ပေးစေချင်တယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *