MT News
Written by Tha Doe
ပြည်တွင်းစီးပွားရေးတိုးတက်နေပြီး ဆက်လက်ကြိုးပမ်းပါက ထပ်မံတိုးတက်လာမည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် တနင်္သါရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်မှ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ပြောကြားသည်။
ယခင်က နိုင်ငံတွင် စီးပွားရေးစနစ် အမျိုးမျိုးကို ကျင့်သုံးခဲ့ကြပြီး အဆင်ပြေခဲ့သည်များရှိသကဲ့သို့ မအောင်မြင်ခဲ့သည်များလည်းရှိခဲ့သည်။ တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် လျှောက်လှမ်းဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက် ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယခင်က မိမိတို့နိုင်ငံတွင် ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် ကုန်သွယ်မှုလိုငွေများ များစွာပြခဲ့သည်။ မိမိတို့နိုင်ငံတွင် ပြည်တွင်းစီးပွားရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများစွာ ရှိပြီးဖြစ်၍ နိုင်ငံခြားသုံးငွေများကို ပြည်ပချေးငွေ၊ ထောက်ပံ့ငွေများနှင့် Non-Trade များမှ ရရှိသည့် နိုင်ငံခြားငွေများမှ သုံးစွဲနိုင်သည်ကို တွေ့ရှိရသည်။
SAC အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် အခက်အခဲများစွာရှိခဲ့ပြီး ၎င်းတို့ကို ကျော်လွှား၍ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းများ လည်ပတ်မှု စဉ်ဆက်မပြတ်စေရေး ကိုဗစ်-၁၉ ကာလ အတွင်းစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်သည် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင် ပြည်တွင်းစားသုံးမှု၌ ထိခိုက်မှုမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် ခိုင်မာသေချာမှုအရှိဆုံးသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေး မြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်တွင်းစီးပွားရေး တိုးတက်လာသည်ကို တွေ့ရှိရပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်သည့် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေးမြင့်တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။