၂၆. ၈. ၂၀၂၃
Written by Ye Kyaw
ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင် တည်ဆောက်ထားသည့် ယာယီဘေလီတံတားအသစ် ချဉ်းကပ်လမ်းနိမ့်ကျသွားသဖြင့် ကုန်ကားကြီးအကုန်လုံးကို ဖြတ်သန်းသွားလာခွင့် မပြုနိုင်သေးကြောင်း မြဝတီနယ်စပ်ကုန်သည်များထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမြေပြိုမှုကြောင့် မြဝတီနယ်စပ်တွင် ရက်ပေါင်း ၂၀ နီးပါးပိတ်မိနေသော ကုန်တင်ယာဉ်ကြီးများ ယာယီဘေလီတံတားကို ဩဂုတ်လ ၂၅ ရက် (ယမန်နေ့)တွင် စတင်ဖြတ်သန်း သွားလာခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
“မနက်ကတော့ ရပ်သွားတယ်။ အခုကားတွေဖြတ်နေတယ်။ ကားအသေးလေးတွေလည်း ပေးဖြတ်တယ်။ တံတားထိပ်နားက ကားကြီးအချို့ကိုလည်း ပေးဖြတ်တယ်။ ရပ်တော့ရပ်သွားတယ်။ အခြေအနေပေါ်မူတည်ပြီး ရပ်သင့်ရင်လည်း ရပ်တယ်။ ပြီးတော့မှ အဆင်မပြေဘူးဆိုရင် ပြန်လုပ်တယ်။ ကားကြီးကို တောက်လျှောက်ပေးဖြတ်နေတာတော့မဟုတ်ဘူး။ နည်းနည်းစီတော့ ပေးဖြတ်တာပေါ့နော်” ဟု မြဝတီနယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်တွင် ပျက်စီးခဲ့သည့် မြဝတီ-ကော့ကရိတ်လမ်းပိုင်းအား ပိတ်ထားခဲ့ပြီး ၁၉ ရက်မြောက်နေ့ဖြစ်သော ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ အဆိုပါ ယာယီဘေလီတံတားမှ ကုန်တင်ယာဉ်များ စတင်ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ခွင့်ပြုခဲ့မှုကြောင့် မြဝတီနယ်စပ်၌ ပိတ်မိနေသော ကုန်စည်များ ပုံမှန်အတိုင်းနီးပါး ပြန်လည်ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားကြသည်။