October 18, 2024

၂၅. ၈. ၂၀၂၃

Written by Ye Kyaw

သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားခဲ့သော်လည်း ယခုအချိန်အထိ အချို့သောဘဏ်များ ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှု မရှိသည့်အတွက် ဘဏ်များ၏ လုပ်ဆောင် ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃)တွင် ပြောကြားခဲ့သည်။

မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရ စတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခဲ့ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ်ပြိုလဲပါက တိုင်းပြည်စီးပွားရေးပြိုလဲနိုင်သဖြင့် မိမိကိုယ်တိုင် တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ်မလုပ်နိုင်စေရန် ဆောင်ရွက်ခဲ့မှုများလည်းရှိကြောင်း၊ နိုင်ငံတော်မှ ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ ဆောင်ရွက်မှုမှာ ၎င်းကာလအတွင်းက သံသယရှိဖွယ်များတွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန်ထိလည်း အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှု မရှိသည်ကို တွေ့ရှိနေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းပွဲတွင် SAC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အစိုးရနှင့် ဗဟိုဘဏ်တို့မှ ထောက်ပံ့ကူညီမှုကို ရယူထားသော်လည်း တချို့ဘဏ်များ သစ္စာမရှိမှုများ တွေ့ရှိရသဖြင့် လက်ရှိငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် ဘဏ်များနှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)တို့ ပူးပေါင်းပြီး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များအပေါ် စောင့်ကြည့်နေကြောင်း သတိပေးပြောကြားထားခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ သတိပေးပြောကြားထားသော်လည်း ယခုအချိန်အထိ အချို့ဘဏ်များက ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှု မရှိသေးခြင်းဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ထို့အတူ တရားမဝင်ငွေလွှဲလုပ်ငန်း (ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုအကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ငွေကြေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *