October 18, 2024

◾ပုဂ္ဂလိကဆေးရုံများတွင် အခကြေးငွေယူဆေးကုသမှုပေးနေသည့် ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်သူများအား ငွေပေးချေရာတွင် ၂ ရာခိုင်နှုန်းအား ပင်ရင်းမှနုတ်ယူပေးသွင်းသည့်ဝင်ငွေခွန်အဖြစ် နုတ်ယူပေးသွင်းရန် ညွှန်ကြား

၂၅. ၈. ၂၀၂၃

Written by Tha Doe

ပုဂ္ဂလိကဆေးရုံများတွင် အခကြေးငွေယူဆေးကုသမှုပေးနေသည့် ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်သူများအား ငွေပေးချေရာတွင် ၂ ရာခိုင်နှုန်းအား ဝင်ငွေခွန်အဖြစ် နုတ်ယူပေးသွင်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ ပုဒ်မ ၇ ပါ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအတွက်ရရှိသော ယင်းဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဒ) ပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေခြင်းကို သတ်မှတ်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသတ်မှတ်ချက်အရ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို အခကြေးငွေပေးချေရာ၌ ငွေထုတ်ပေးရန်တာဝန်ရှိသူသည် ငွေထုတ်ပေးချိန်တွင် ပေးချေငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နုတ်ယူ၍ နုတ်ယူထားသည့်နေ့မှ ၁၅ ရက်အတွင်း ငွေလက်ခံရရှိသူ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအမည်ဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၏ ဘဏ်ငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်သည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသို့ လစဉ်ပေးချေသည့် လစာဝင်ငွေဖြစ်ပါက အပိုဒ်ခွဲ (က) အရ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ကို နုတ်ယူပေးသွင်းရန် မလိုအပ်ဘဲ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန် ထမ်းဆောင်သည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့အတူ လစာခေါင်းစဉ်မှ ဝင်ငွေသာရရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှအပ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် မိမိတို့ရရှိသည့်ဝင်ငွေအပေါ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၇ နှင့်အညီ သတ်မှတ်ကာလအတွင်း နှစ်စဉ် ဝင်ငွေကြေညာလွှာ ပေးပို့၍ ဝင်ငွေခွန်စည်းကြပ်မှုခံယူရမည်ဖြစ်ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီးနောက် အခွန်စည်းကြပ်မှု ဆောင်ရွက်ရာတွင် ပင်ရင်းမှ နုတ်ယူပေးသွင်းခဲ့သည့် ဝင်ငွေခွန်ကို စည်းကြပ်မှုအရ ကျသင့်ဝင်ငွေခွန်မှ ခုနှိမ်ပေးရမည်ဖြစ်သည်။

အဆိုပါ ညွှန်ကြားသည့် အမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်သည်။

“ဆေးရုံဆေးခန်းတွေမှာ လစာသဘောမဟုတ်တဲ့ အခကြေးငွေယူပြီး ဆေးကုသမှုပေးနေတဲ့ ဆရာဝန်ကြီးတွေနဲ့ ဆေးကုသပေးနေတဲ့အတတ်ပညာရှင်တွေကို ဆေးရုံဆေးခန်းက ငွေပေးချေမှုလုပ်တိုင်း အခုအမိန့်ကြော်ငြာစာအရ ပေးချေရမဲ့ငွေရဲ့ ၂ ရာခိုင်နှုန်းကို ပင်ရင်းကနုတ်ယူပေးသွင်းတဲ့ ဝင်ငွေအဖြစ် နုတ်ယူပေးသွင်းရမှာပါ” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *