October 18, 2024

◾ ကုန်ဈေးနှုန်း မြင့်တက်စေရန် ဝိသမလောဘသမားများ၏ ဈေးကစားနေမှုကို ကြပ်မတ်ဆောင်ရွက်ရန် မှာကြား

၂၅. ၈. ၂၀၂၃

Written by Ye Kyaw

တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီး အမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၂၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃)တွင် ပြောကြားခဲ့သည်။

ငွေကြေးဈေးကွက်ကို အဓိက ကစားနေသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေကိုင်ထားသူများက ၎င်းတို့နိုင်ငံခြားငွေ တန်ဖိုးတက်စေရန်၊ မြန်မာငွေကျပ် ကိုင်ထားသူများက ရွှေဝယ်၍ရွှေဈေးတက်အောင် ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း၊ အလားတူမော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့် ဈေးနှုန်းထက် များနေသည်ကို တွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီး အမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ကြောင့် နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေးကစားနေမှုများရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *