၂၆. ၈. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ် ၊ တာမွေလေး ကုန်းတံတားအဆင်းမှာ ဒီနေ့ သြဂုတ် ၂၆ ရက် မနက် ၁၂ နာရီ ၃၀ ဝန်းကျင်က ယာဥ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သာကေတ ပုသိမ်ညွန့် ပင်မဓာတ်အားလိုင်းဖြစ်တဲ့ 66kV ဓာတ်တိုင်တွေကို ဝင်တိုက်ခဲ့တာကြောင့် လျှပ်စစ်မီးယာယီ ပြတ်တောက်ကာ လမ်းခေတ္တပိတ်ထားကြောင်း သိရပါတယ်။
တိုက်သွားတဲ့ ယာဥ်က Honda Insight အမျိုးအစားယာဥ်ဖြစ်ပြီး စတင်တိုက်မိခဲ့တဲ့ ယာဥ်လည်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ့နောက် တစ်ဖက်ယာဥ်ကြောက Toyota Probox ယာဥ်ကလည်း ထပ်မံ တိုက်မိခဲ့သေးတယ်လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။ Honda Insight ကားက ယာဥ်မောင်း ထွက်ပြေးသွားခဲ့ပြီးအဖော်ပါလာသူ အမျိုးသားမှာ ဒဏ်ရာတချို့(မစိုးရိမ်ရ)သာ ရရှိတယ်လို့ သိရပါတယ်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် 66kV ဓာတ်တိုင်(၃)တိုင် ကျိုးပြီး အခြားဓာတ်တိုင်(၃)တိုင် ယိုင်သွားခဲ့တယ်လို့ YESC က ထုတ်ပြန်ထားပါတယ်။ ဒီယာဥ်တိုက်မှုကြောင့် တာမွေဈေး(GIS)ခွဲရုံ၊ 66kV ကျိုက္ကဆံခွဲရုံ၊ 33kV နတ်ချောင်းခွဲရုံ၊33kV ရာမကွင်းခွဲရုံတွေက ဓာတ်အားဖြန့်ဖြူးထားတဲ့ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊သာကေတမြို့နယ်တွေရဲ့ ရပ်ကွက်၊ နေရာအတော်များများမှာ ဓာတ်အားပြတ်တောက်လျှက်ရှိနေပြီး ဘယ်လောက် ကြာကြာ ပြင်ဆင်ချိန်ယူမယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။