၂၆. ၈. ၂၀၂၃
Written by Thettant
ရန်ကုန်စတော့အိတ်ချိန်း၏ ခြောက်ခုမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်သော ထာဝရနဒီအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(EFR)ဒါရိုက်တာအဖွဲ့သည် သတ္တမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး၌ အစုရှယ်ယာရှင်များမှ အတည်ပြုခဲ့ပြီးဖြစ်သည့် သာမန်အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၃၈ ကျပ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် စတင်၍ အစုရှယ်ယာရှင်များသို့ ခွဲဝေပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
အစုရှယ်ယာရှင်များအနေဖြင့် အဆိုပါအမြတ်ဝေစုကို မိမိတို့ ငွေချေးသက်သေခံလက်မှတ်စာရင်း ဖွင့်လှစ်ခဲ့သည့် လိုင်စင်ရငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများထံမှတစ်ဆင့် လက်ခံရရှိမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မေ ၂၈ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည့် Ever Flow River Group Public (EFR) ၏ အခြေခံစျေးနှုန်း (Base Price) ကို ရှယ်ယာတစ်စု ကျပ် ၂၃၀၀ အဖြစ် သတ်မှတ်ခဲ့ကြောင်း မေ ၁၅ ရက်တွင် ကြေညာခဲ့ပြီး အမြင့်ဆုံး စျေးနှုန်းအဖြစ် ကျပ် ၂၈၀၀ သတ်မှတ်ခဲ့ကာ အနိမ့်ဆုံး စျေးနှုန်းကိုမူ ကျပ် ၁၈၀၀ အဖြစ် ကျပ် ၁၀၀၀ ခွာ၍ သတ်မှတ်ခဲ့သည်။ ထို့ပြင် တစ်ချက်ခုန်စျေးနှုန်း (Tick Size) မှာ ကျပ် ၅၀ ဖြစ်သည်။ ထိုသို့ သတ်မှတ်ရာမှ မေ ၂၈ ရက်၌ စတင်ရောင်းချရာတွင် ကျပ် ၂၇၀၀ နှင့် ကျပ် ၂၇၅၀ အကြား စျေးနှုန်းဖြင့် အစုပေါင်း သုံးသောင်းကျော် ရောင်းချခဲ့ပြီး ၃ နှစ်ကျော်အကြာတွင် ရှယ်ယာတစ်စုစျေးနှုန်းမှာ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၅ ရက်စျေးနှုန်းအရ ကျပ် ၂၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေသည်။
EFR သည် ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၁၉၉၇၇၂၂၃ စုဖြင့် လည်ပတ်နေပြီး ဩဂုတ် ၂၅ ရက် စျေးကွက်ပေါက်စျေးအရ မ,တည်ရင်းနှီးငွေ ၄၅၉၄၈ သန်းရှိနေသည်။ (Photo- EFR)