November 1, 2024

၂၆. ၈. ၂၀၂၃
Translated by Htwe Ko Tun

ဝက်ဂ်နာ အပျော်တန်းတပ်ဖွဲ့ခေါင်းဆောင် ရက်ဗ်ဂျီနီ ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံးရခြင်းက သွေးရိုးသားရိုးမဟုတ်ဘဲ နောက်ကွယ်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏လက်ချက် ပါဝင်နေမည်ဟု စွပ်စွဲချက်များက လုံးဝမဟုတ်မမှန်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက ဩဂုတ်လ ၂၅ ရက်တွင် ငြင်းဆို ပယ်ချခဲ့ကြသည်။

အမေရိကန်နှင့် အချို့သော အနောက်နိုင်ငံများမှ အစိုးရအရာရှိများက ပရီဂိုဇင်သေဆုံးမှုတွင် ရုရှားသမ္မတ ပူတင်ကို သံသယရှိကြောင်းပြောကြားချက်များ ထွက်ပေါ်လာခြင်းအား ရုရှားအစိုးရက ထိုသို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပရီဂိုဇင်၏ ဩဂုတ်လ ၂၃ ရက်က လေယာဉ်ပျက်ကျသေဆုံးမှုတွင် သမ္မတပူတင်ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲချက်များက လိမ်ညာမှုများသက်သက်သာဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက်၌ သတင်းထောက်များအား ပြောခဲ့သည်။

လေယာဉ်ပျက်ကျမှုတွင် သေဆုံးရခြင်းအကြောင်းရင်းများကို ခန့်မှန်းကြရာ၌ အနောက်အုပ်စုနိုင်ငံများက သတင်းမှားများကို ပျံ့နှံ့ဖြန့်ချိနေကြသည်ကို သတိပြုမိကြောင်းလည်း ပက်စ်ကော့ဗ်က ပြောခဲ့သည်။ ဩဂုတ်လ ၂၄ ရက်တွင် ပူတင်က လေယာဉ်ပျက်ကျရာတွင် ပါဝင်သူဆယ်ဦးစလုံး၏ မိသားစုများထံ စာနာ ထောက်ထားမိပါကြောင်း ဖော်ပြခဲ့ပြီး အများစုက ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့မှ ဖြစ်ကြကြောင်းလည်း သိရသည်။

ထို့ပြင် ပူတင်က ပရီဂိုဇင်အား အမှားများရှိခဲ့သော်လည်း နိုင်ငံနှင့်လူမျိုး အပေါ်ချစ်မြတ်နိုးသူတစ်ဦးအဖြစ် ဂုဏ်ပြုပြောကြားခဲ့သေးသည်။

ရုရှားအာဏာပိုင်များက ပျက်ကျသွားခဲ့သော Embraer Legacy 600 လေယာဉ်တွင် လိုက်ပါလာသူများ၏ အမည်စာရင်းကို ဩဂုတ်လ ၂၃ ရက်က ထုတ်ပြန်ရာတွင် ပရီဂိုဇင်လည်း ပါဝင်ခဲ့သည်။ သို့သော် လေယာဉ်ပျက်ကျသေဆုံးသူများအတွင်း ပရီဂိုဇင်က မည်သူမည်ဝါဖြစ်မည်ဟု စစ်ဆေးဖော်ထုတ်မှု ပြုပြီးမပြီးကိုမူ မပြောကြားခဲ့ပေ။

Ref—-NPR

Leave a Reply

Your email address will not be published. Required fields are marked *