October 19, 2024

၂၆. ၈. ၂၀၂၃
Translated by Htwe Ko Tun

အနောက်အာဖရိကဒေသ၏ စီးပွားရေးအုပ်စုဖြစ်သော ECOWAS က အာဏာသိမ်းမှုအား စစ်ရေးအရစွက်ဖက်ရန် ခြိမ်းခြောက်နေသည့်ကြားမှပင် နိုင်ဂျားနိုင်ငံ၏ အာဏာသိမ်းစစ်ဘက်အစိုးရက ပြင်သစ်၊ ဂျာမနီ၊ နိုင်ဂျီးရီးယားနှင့် အမေရိကန် လေးနိုင်ငံတို့မှ သံအမတ်များကို နိုင်ငံတွင်းမှ ၄၈ နာရီအတွင်း ပြန်လည်ထွက်ခွာရန် နီယာမီမြို့တွင် ဩဂုတ်လ ၂၅ ရက်က အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။

ပြင်သစ်အစိုးရက နိုင်ဂျာအာဏာသိမ်းအစိုးရ၏ အချုပ်အခြာအာဏာအား အသိအမှတ်မပြုဟု ပြောခဲ့ပြီးနောက် သံအမတ်များကို ပြန်လည်နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ဂျားအာဏာသိမ်းအစိုးရနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးကလည်း ဆိုးရွားစွာပျက်စီးလာနေသည်။

အလားတူပင် နိုင်ဂျား အစိုးရအနေဖြင့် ECOWAS အဖွဲ့က စစ်ရေးအရစွက်ဖက်မည်ဆိုသော ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရသည်။ ECOWAS အဖွဲ့၏ဥက္ကဋ္ဌအဖြစ် လက်ရှိတွင် နိုက်ဂျီးရီးယားကဆောင်ရွက်နေသည်။

ECOWAS အဖွဲ့က နိုင်ဂျားအာဏာသိမ်းအစိုးရအား ဖိအားပေးရန် ပိတ်ဆို့မှုများလည်းပြုလုပ်ခဲ့သည်။ နိုင်ဂျားအစိုးရကမူ စစ်အင်အားဖြင့် နိုင်ငံကို ကျူးကျော်စွက်ဖက်မှုတစ်စုံတစ်ရာမပြုလုပ်ရန် ပြန်လည် သတိပေးခဲ့သည်။

နိုင်ဂျားနိုင်ငံတွင် ယခင်အစိုးရလက်ထက်က အကြမ်းဖက်ဂျီဟတ်များကို တိုက်ခိုက်ရာတွင် ကူညီရန်ပြင်သစ်တပ်ဖွဲ့ဝင် ၁,၅၀၀ ခန့်ရှိပြီး အမေရိကန် စစ်ဖက်ပုဂ္ဂိုလ် ၁,၀၀၀ ခန့်ကလည်း နိုင်ဂျားနိုင်ငံတစ်ဝန်း၌ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Ref—–AFP

Leave a Reply

Your email address will not be published. Required fields are marked *