October 19, 2024

၂၆. ၈. ၂၀၂၃
Written by Nay Moe

NUG က ဗိုလ်နဂါး၏ MRDA ကို လက်အောက်ခံအဖြစ်မှ ထုတ်ပယ်ပြီးနောက် MRDA ၏ ယင်းမာပင်တပ်ရင်းလေးခုက ဗိုလ်နဂါးလက်အောက်မှထွက်ကာ NUG ထံ ဩဇာခံမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။

NUG ၏ လက်အောက်ခံအဖြစ်မှနုတ်ထွက်ကာ LPDF အဖြစ် ရပ်တည်မည့် ဗိုလ်နဂါးကို NUG ၏ PDF များ၊ ပကဖများက လိုက်လံဖမ်းဆီးသတ်ဖြတ်ရန် ကြိုးပမ်းနေချိန်တွင် ဗိုလ်နဂါး၏ ယင်းမာပင်တပ်ရင်းလေးခုက ထိုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ခရိုင်အမှတ် (၃)၊ (၄)၊ (၅)၊ (၆) တပ်ရင်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ COC အောက်ရှိခဲ့သလို ဗိုလ်နဂါး ခေါင်းဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ၏ တပ်ရင်းအမှတ် (၁)၊ (၂)၊ (၃)၊ (၄) တပ်ရင်းများအဖြစ်လည်း တိုက်ပွဲဝင်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက် အဖွဲ့အစည်း အတွင်းပိုင်းဆွေးနွေးပွဲ၌ ဗိုလ်နဂါးမှ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများ၊ စစ်ကြောင်းမှူးများနှင့် ဒေသတွင်းခေါင်းဆောင်များကို ယင်းမာပင်ခရိုင် အမှတ် (၃)၊ (၄)၊ (၅)၊ (၆) တပ်ရင်းများအား ကာကွယ်ရေးဝန်ကြီးဌာနမှ လစဉ် ထောက်ပံ့ပေးနေသော ထောက်ပံ့ငွေများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ စတင်ပြီး ထောက်ပံ့ရေးဆိုင်းငံ့ကြောင်း၊ ကာကွယ်ရေးဝန်းကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိတပ်ရင်းများအဖြစ်မှ ပယ်ဖျက်ကြောင်း ထို့ကြောင့် NUG ၏ ကွပ်ကဲမှုအောက်ရပ်တည်တော့မည် မဟုတ်ဘဲ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖြစ်ဖွဲ့စည်းပြီး သီးသန့်ရပ်တည်သွားမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ မူဝါဒများ ရှင်းပြခဲ့သည်။

တပ်ရင်းမှူးများအနေဖြင့် ကာကွယ်ရေးဝန်းကြီးဌာနမှ မည်သည့်အတွက်ကြောင့် ဆိုင်းငံ့ခြင်း/ပယ်ဖျက်ခြင်းအကြောင်းကြားသည်ကို သိရှိရဖို့အတွက် မိမိတို့ကိုယ်တိုင် ဆက်သွယ်မေးမြန်းလိုကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ဆက်လက်ရပ်တည်သွားရန် ဆွေးနွေးသင့်ကြောင်း တင်ပြခဲ့ရာ ဗိုလ်နဂါးက NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရပ်တည်ပါက မိမိဦးဆောင်မှုအောက်မှထွက်ပြီး မိမိဦးဆောင်ဝယ်ယူထားသော တိုက်ပွဲဝင်လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ အားလုံးကို မိမိထံ အပ်နှံရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု NUG ​ဩဇာခံမည့်တပ်ရင်းမှူးလေးဦး၏ ထုတ်ပြန်ချက်ကဆိုသည်။

ထို့ကြောင့် ဗိုလ်နဂါး၏ ဦးဆောင်ကွပ်ကဲမှုအောက်တွင် လိုက်ပါလိုခြင်းမရှိတော့သည့် ယင်းမာပင် ခရိုင်တပ်ရင်းအမှတ် (၃)၊(၄)၊(၅)၊(၆) တပ်ရင်းများသည် ဗိုလ်နဂါး ဦးဆောင်ဝယ်ယူခဲ့သော လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ အားလုံးကို ဗိုလ်နဂါးထံ အပ်နှံပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ဆက်လက်ရပ်တည်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

NUG အနေဖြင့်လည်း ယင်းမာပင်ခရိုင် အမှတ် (၃) (၄) (၅) (၆) တပ်ရင်းများကို NUG ၏ MOD တပ်ရင်းများအဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်းကို ဩဂုတ် ၂၂ ရက်နေ့တွင် အကြောင်းပြန်ပြီးဖြစ်၍ ယနေ့အချိန်မှစပြီး ယင်းမာပင်ခရိုင် အမှတ် (၃)၊ (၄)၊ (၅)၊(၆) တပ်ရင်းများသည် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သို့မဟုတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) နှင့် လုံးဝ မသက်ဆိုင်တော့ဘဲ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်သာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *