October 18, 2024

၂၆. ၈. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း ဆန်ဈေးနှုန်းထိန်းချုပ်နိုင်ရန် ဆန်တင်ပို့မှုကို ယာယီရပ်ဆိုင်းခြင်းမဟုတ်ဘဲ ဆန်တင်ပို့မှုကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပြီး လိုင်စင်အသစ် ထုတ်ပေးခြင်းကိုသာ ယာယီဆိုင်းငံ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

“ဆန်တင်ပို့မှုက ရပ်တော့မရပ်ဘူး။ Export ကတော့ လိုင်စင်ခဏရပ်တာ။ လိုင်စင်ရှိရင်တော့ သွားနေမယ်။ ထပ်ရောင်းမယ့်ဟာတွေကိုတော့ မရောင်းပါနဲ့ဦးဆိုပြီး ခဏရပ်ထားတာ။ လိုင်စင်အသစ်ကို ယာယီရပ်ထားမယ်။ အရင်ရောင်းထားတဲ့ဟာတွေကတော့ အရောင်းအ ဝယ်မပျက်ပါဘူး။ ဆက်သွားနေမှာပါ။ ပိတ်တယ်ဘာညာဆိုလည်း နိုင်ငံတကာပုံရိပ်မှာ ဖောက်သည်တွေက ပျက်တယ်ဗျ။ တချို့က သေချာမသိဘူး။ အဲဒီလိုမှန်းပြီး ရေးလိုက်တာပေါ့။ ပိတ်တယ်၊ ပိတ်တယ်ဆိုပြီးတော့ပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်းမြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် ဆန်တင်ပို့မည့်ကုမ္ပဏီများအား လိုင်စင်အသစ် ထုတ်ပေးမှုကို ဩဂုတ်လကုန်မှစတင်ပြီး ၄၅ ရက် ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်ချုပ်မှ သိရသည်။

ယင်းကဲ့သို့ လာမည့် မိုးစပါးပေါ်ချိန်အထိ လိုင်စင်အသစ် ထုတ်ပေးခြင်းကို ဆိုင်းငံ့ခြင်းကြောင့် ပြည်တွင်း၌ ဆန်သိုလှောင်ကာ ဈေးကစားမှုများ လျော့ကျလာမည်ဖြစ်သဖြင့် ဈေးကွက်အတွင်း ဆန်ဝင်ရောက်မှု များလာမည်ဖြစ်၍ ဆန်ဈေးနှုန်း ကျဆင်းလာနိုင်ကြောင်း သိရသည်။

“ဒီလိုလုပ်လိုက်ရင် ပြည်တွင်းဆန်ဈေးကို အထိုက်အလျောက်ထိန်းနိုင်မှာပါ။ ရပ်ကွက်အထိလည်း ရောင်းနေတယ်။ လက်လုပ်လက်စားအထိ တစ်ပြည်၊ နှစ်ပြည်ဝယ်နိုင်တဲ့ အဆင့်ထိလည်း ရောင်းပေးနေတယ်” ဟု ဦးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၁၉,၄၁၃ သာ တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၃၈ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင်မှု ဆန်နှင့်ဆန်ကွဲ တန်ချိန် ၅၀၈,၀၉၈ အထိတင်ပို့ နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၂၄၉ သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ဆန်ဖူလုံမှုအပြည့်အဝရှိစေရန် ပိုလျှံမှုကိုသာ စနစ်တကျတွက်ချက် တင်ပို့ရောင်းချနေသည့်အတွက် လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ၁၉၀,၀၀၀ ခန့်လျော့ကျသဖြင့် ဝင်ငွေဒေါ်လာသန်း ၁၁၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *