October 18, 2024

၂၆ .၈. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံတွင် နိုင်ငံမြောက်ပိုင်း လခ်နောင်းမြို့မှ နိုင်ငံတောင်ပိုင်း ရာမီးစ်ဝါရမ်မြို့သို့ပြေးဆွဲသော ခရီးသည်တင်ရထားက တမီးလ်နာဒူးပြည်နယ်အတွင်း မာဒူရေဘူတာ၌ရပ်ထားစဉ် ဩဂုတ်လ ၂၆ ရက် နံနက်အစောပိုင်းနာရီများက ရထားတွဲတစ်တွဲ၌ မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူဆယ်ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသော ရထားတွဲ၌ ခရီးသည် စုစုပေါင်း ၅၅ ဦးလိုက်ပါလာကြကြောင်းနှင့် ရထားတွဲပေါ်တွင် ခရီးသည်တစ်ဦးက ကော်ဖီသောက်ရန်အတွက် ဓာတ်ငွေ့မီးဖိုကို မီးစတင်ညှိရာမှ စတင်လောင်ကျွမ်းရခြင်းဟု ရဲတပ်ဖွဲ့ကပြောခဲ့သည်။

မီးက နံနက် ၅ နာရီခွဲတွင်စတင်လောင်ကျွမ်းခဲ့ပြီး ရထားတွဲပေါ်၌ အတ်တာပရာဒက်ရှ် ပြည်နယ်မှ ဘုရားဖူးအများအပြားလိုက်ပါလာကြကာ ကော်ဖီဖျော်သောက်ရန် ဓာတ်ငွေ့မီးဖိုကို စတင်မီးအညှိတွင် ဓာတ်ငွေ့ဆလင်ဒါက ပေါက်ကွဲမီးလောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။ မီးလောင်မှုကြောင့် သေဆုံးသူ ဆယ်ဦးအထိ ရှိပြီဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်း၌ ပြောခဲ့ကြသည်။

နိုင်ငံတောင်ပိုင်း ရထားပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူ့ဆက်ဆံရေးအရာရှိ ဘီ ဂူဂါနီဆန်က အဆိုပါရထားတွဲက ပုဂ္ဂလိကပါတီအဖွဲ့တစ်ခု၏သီးသန့်တွဲဖြစ်ကာ ၎င်းတို့က မီးလောင်မှုဖြစ်စေသည့် ဓာတ်ငွေ့ဆလင်ဒါကို ဥပဒေနှင့်မညီဘဲ ခိုးဝှက်သယ်ဆောင်လာကြခြင်းဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ရထားရပ်ထားစဉ် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ရာ မီးလောင်သည်နှင့် တွဲပေါ်ပါ ခရီးသည်အများအပြားက တွဲအတွင်းမှထွက်‌ပြေးကြပြီး အချို့ကလည်း ပလက်ဖောင်းပေါ်ခုန်ချကြကြောင်း သိရသည်။

Ref—–Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *