၂၄. ၈. ၂၀၂၃
Writer & Photo Naing Thuta
မန္တလေးမြို့တွင် သုံးနှစ်ကြာ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့် နှစ်စဉ် တစ်ရက်ထဲသာ ကျင်းပသော အိုးပုတ်ပွဲတော်(အိုးပုတ်ခိုးပွဲတော်)ကို ယနေ့(ဩဂုတ် ၂၄ ရက်)တွင် ပြန်လည်စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသည့် နှစ်စဉ် တစ်ရက်သာကျင်းပသော အိုးပုတ်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မြောက်ပြင်ရပ်၊ မန္တလေးတောင်ခြေ၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၅၂) ပတ္တမြားတောရပ်ကွက်တွင် နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်တွင် ကျင်းပပြုလုပ်လေ့ရှိသည်။
”နှစ်စဉ် အိုးပုတ်ပွဲတော်က ဝါခေါင်လဆန်း ၈ ရက် တစ်ရက် သာကျင်းပတာပါ။ ဒါပေမယ့် အရင်ကဆိုရင် ပွဲတော်မတိုင်ခင် တစ်ပတ်လောက်ကတည်းက ဈေးလာရောင်းကြတယ်။ ကိုဗစ်ဖြစ်ပြီးကတည်းက မကျင်းပခဲ့ရတာ အခုမှ ပြန်ကျင်းပတာပါ။ ဒီနှစ်မှာတော့ မနေ့ကမှစပြီး စျေးသည်တွေလာတာပါ။ အိုးပုတ်တွေက ထက်ဝက် ဈေးတက်ဝယ်ရတော့ ပြန်ရောင်းတဲ့အခါ ဈေးတက်ရောင်းနေရတယ်။ အရင်ကထက် သုံးပုံတစ်ပုံလောက်ပဲ စျေးသည်တွေ ပြန်ရောင်းနိုင်တော့တယ်။ အရောင်းအဝယ်ကတော့ အရင်လိုတော့ ရောင်းလို့မကောင်းတော့ဘူး။ ပွဲတော်ပြန်ဖြစ်တာကိုပဲ ပျော်နေပါပြီ”ဟု အိုးပုတ်သည်တစ်ဦးက MT News သတင်းဌာန၏ မေးမြန်းမှုကို ယခုလိုဆိုထားသည်။
“နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီးဖြစ်တဲ့ တစ်နိုင်ငံလုံးမှာမှ ဒီတစ်နေရာမှာပဲရှိတဲ့ မြန်မာ့ရိုးရာပွဲတော်ကို ပြန်ကျင်းပနိုင်လို့ ဂုဏ်ယူမိပါတယ်။ ဒီပွဲလေးက သမိုင်းအစဉ်အလာကြီးတဲ့ပွဲတော်လေးပါ။ အရင်တုန်းကဆိုရင် နှစ်တိုင်း ဝါခေါင်လဆန်း ၇ ရက် ၈ ရက်ဆို ၁၂ ပွဲစျေးသည်တွေက တောင်ပြုန်းပွဲကိုသွားတဲ့အခါ လှေတွေ နွားလှည်းတွေနဲ့လာကြပြီး ဒီမှာတစ်ထောက်နားပြီး အိုးပုတ်တွေကို ခင်းထားတဲ့အခါ ဒေသခံတွေက စနောက်ပြီး ခိုးရာကနေ အိုးပုတ်ခိုးပွဲတော် ဖြစ်လာတာပါ။ အဲ့လိုစနောက်ရင်လည်း ရောင်းတဲ့သူတွေကလည်း ပြုံးပြီးတော့ပြန်တောင်း မပေးလည်းဘာမှမပြောတဲ့ ချစ်စရာကောင်းတဲ့ ပွဲတော်လေးပါ။ ဒေသခံတွေကလည်း ဈေးသည်တွေကို ကျွေးမွေးရင်း စတုဒီသာလို ဖြစ်ပြီး နှစ်တိုင်း စည်စည်ကားကားဖြစ်သွားတာ။ ဒီပွဲလေးက မနက် ၉ နာရီလောက်က စပြီးလူတွေလာရာကနေ တဖြည်းဖြည်းနဲ့ ညနေပိုင်းရောက်လေ လူပိုပြီးတော့စည်ကားလာလေပဲ” ဟု ၎င်းပွဲတော်ကျင်းပသည့်နေရာတွင် နှစ် ၇၀ ကျော်ကြာနေထိုင်သော ဒေသခံတစ်ဦးက ပြောပြသည်။
ထို အိုးပုတ်ပွဲတော်ကိုလာသည့် မိန်းမပျိုလေးများ၊ ကလေးငယ်များ ၊ ပျိုပျိုအိုအို အမျိုးသမီးတိုင်း၏ ဦးခေါင်းထက် ကျောက်ခက်ပန်းဟု ခေါ်သည့် သစ်ခက်စိမ်းလေးများကို (ကျောက်ခက်ပန်းဦးထုပ်)ပန်းသရဖူသဖွယ်ခွေကာ ပန်ဆင်ထားကြသည့် ဓလေ့ကလည်း မည်သည့်အချိန်ကတည်းက စခဲ့သည်ကို မသိရသော်လည်း အိုးပုတ်ပွဲတော်တွင်သာ တွေ့မြင်ရသည့် ချစ်စရာမြင်ကွင်းသာ ဖြစ်သည်။
ထို့ပြင် လာရောက်လည်ပတ်သည့် မြို့နေတစ်ဦးမှလည်း “အိုးပုတ်လေးတွေကလည်း ဒီနှစ်မှာစျေးတက်ပေမဲ့ ကလေးငယ်တွေအတွက် ဆော့စရာ၊ အလှထားစရာအဖြစ် ထားလို့ရလို့ ဝယ်ယူအားပေးတယ်။ ပွဲစျေးတန်းမုန့်လို့ပြောရမယ့် မုန့်လင်မယား ၊ လမ်းသရဲမုန့် ၊ အညာသားကျောကုန်း ၊ ကရေကယာ ၊ ခဲတံချောင်း ၊ မုန့်ဆီကြော် စတဲ့မုန့်တွေလည်း လတ်ဆက်တော့ စုံပလုံစိနေအောင် ဝယ်ခဲ့ကြတယ်။ စတုဒိသာကျွေးတာတွေကိုလည်း တွေ့သမျှဝင်စားလိုက်တယ်။ သူငယ်ချင်းတွေလည်း ပျော်ပျော်ပါးပါးစနောက်ပြီး ပြန်လာခဲ့ကြတယ်။ ဒီပွဲက ဝေးနေတာ သုံးနှစ်ရှိပြီမို့ ပွဲပြန်ဖြစ်တော့ အရမ်းကြည်နူးပျော်ရွှင်မိပါတယ်”ဟု ဆိုသည်။
အဆိုပါ အိုးပုတ်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ မကျင်းပနိုင်သည်မှာ ၃ နှစ်ကြာခဲ့ပြီး ယခုနှစ်မှသာရှေးက အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။