October 18, 2024

၂၅. ၈. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း ကျပ် ၃,၇၀၀ အောက်သို့ ဆက်လက်ကျဆင်းနေသော်လည်း ကမ္ဘာ့ရွှေဈေး အနည်းငယ်မြင့်တက်၍ ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းလာခြင်းမရှိသေးဘဲ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၉၀,၀၀၀ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်တွင်း ရွှေနှင့်ဒေါ်လာရောင်းဝယ်သူများထံမှ သိရသည်။

ယခုတစ်ပတ် ဈေးနှုန်းစတင်ဖွင့်လှစ်သည့် ဩဂုတ်လ ၂၁ ရက်(တနင်္လာနေ့)တွင် ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၃,၇၉၀ ရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ရောင်းဈေး ကျပ် ၃,၇၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၆၇၀ သာရှိပြီး ငါးရက်အတွင်း တစ်ဒေါ်လာ ၁၀၀ ကျပ်ဝန်းကျင် ကျဆင်းခဲ့သည်။

သို့သော် ကမ္ဘာ့ရွှေဈေးသည် ဈေးနှုန်းစတင်ဖွင့်သည့် ဩဂုတ်လ ၂၁ ရက်တွင် တစ်အောင်စကို ၁,၈၈၈ ဒေါ်လာသာရှိသော်လည်း ယနေ့တွင် တစ်အောင်စ ၁,၉၁၆ ဒေါ်လာသို့ မြင့်တက်ခဲ့သဖြင့် ငါးရက်အတွင်း ဒေါ်လာ ၃၀ ဝန်းကျင်မြင့်တက်၍ ပြည်တွင်းရွှေဈေးကျဆင်းလာခြင်းမရှိသေးဘဲ ငါးရက်အတွင်း အခေါက်တစ်ကျပ်သား ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့သည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၂ တွင်မူ ပြည်တွင်းရွှေဈေးသည် ကျပ် ၃၅ သိန်းသို့ စတင်၍ ရောက်ရှိခဲ့ပြီး ထို့နောက် ဆက်တိုက်မြင့်တက်ခဲ့ရာ ဩဂုတ်လ ၁၈ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၃,၉၀၀ ကျော်နှင့် ရွှေဈေးနှုန်း ကျပ် ၃,၉၇၀,၀၀၀ အထိ မြင့်တက်ခဲ့မှုကြောင့် တစ်လအတွင်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ရာခိုင်နှုန်း ၂၀ ကျော်အထိမြင့်တက်ခဲ့သည်။

ဗဟိုဘဏ်မှ ဒေါ်လာဈေးကစားသူများကို အရေးယူမည်ဟု ဆက်တိုက်သတိပေးမှုများကြောင့် ဩဂုတ်လ ၂၁ ရက်တွင် ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ရောင်းဈေး ကျပ် ၃,၇၉၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၇၀ သို့ ပြန်လည်ကျဆင်းခဲ့၍ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၇၄၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၃၀,၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ဒေါ်လာနှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄,၃၀၀ အထိ မြင့်တက်ခဲ့စဉ် ပြည်တွင်းရွှေဈေးနှုန်းသည် အမြင့်ဆုံးအဖြစ် ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။ ယင်းကဲ့သို့ မြင့်တက်ခဲ့စဉ်က ဒေါ်လာနှင့် ရွှေကို အမြင့်ဈေးနှုန်းနှင့် ပိုက်ဘောမိခဲ့သူများလည်း ရှိခဲ့ကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ်၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၇၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၉၀ ကျပ်၊ ဩဂုတ်လ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၈၁၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၈၀ ကျပ်၊ ဩဂုတ်လ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၈၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၈၀ ကျပ်၊ ဩဂုတ်လ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၈၀၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၅၀ ကျပ်၊ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *