October 19, 2024

၂၅. ၈. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရဲ့အယောက် ၃၀ မြောက်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်တဲ့ ဆရက်သာ သာဗီဆင် ဟာ ကြားဖြတ်အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ဟူထားတဲ့ ယခင်အစိုးရ ဝန်ကြီးချုပ်လည်းဖြစ်သူ ပရာယွတ် ချန်အိုချာနဲ့တွေ့ဆုံဖို့ အစိုးရအိမ်တော်ကို ဩဂုတ်လ ၂၄ ရက်က သွားရောက်ခဲ့ပြီး နှစ်ဦးသား တစ်နာရီခန့်ကြာအောင် ဆွေးနွေးမှုတွေပြုခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ယောက်တွေ့ဆုံကြစဉ်မှာ ပရာယွတ် ချန်အိုချာက သူ့ကို နိုင်ငံရှေ့သို့ဆက်လက်ချီတက်ဖွံ့ ဖြိုးနိုင်ဖို့ အတိတ်က ပဋိပက္ခတွေကို အတိတ်မှာပဲ ထားခဲ့ကြဖို့ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်သစ် ဆရက်သာ သာဗီဆင်က တွေ့ဆုံပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဆရက်သာက “ တွေ့ဆုံပွဲမှာ ပရာယွတ်က ကျွန်တော့်ကို နိုင်ငံနဲ့ပြည်သူတွေ၊ သာသနာနဲ့ ဘုရင်စနစ်ကိုပါစောင့်ရှောက်ကာကွယ်သွားဖို့လည်း ပြောခဲ့ပါတယ်။ သူက ကျွန်တော့်အနေနဲ့ စီးပွားရေး လောက,က လာတာဖြစ်တော့ နိုင်ငံကိုအုပ်ချုပ်ဖို့ အစိုးရအဖွဲ့ပုံစံကို တည်ဆောက်ရာမှာ ကွဲပြား ခြားနားနိုင်တယ်။ ဒီနေရာမှာစိတ်ရှည်ပြီးသည်းခံသင့်ပါတယ်။ တကယ်လို့ သူ့ရဲ့အစိုးရအဖွဲ့လက်ထက်က မူဝါဒ တွေအနက် ကောင်းမွန်တာတွေဆိုရင်လည်း ဆက်လက်ကျင့်သုံးပေးဖို့ပြောတဲ့အတွက် ကျွန်တော်က သဘောတူခဲ့ပါတယ်” လို့ ဖျူထိုင်းဌာနချုပ် ပြန်အရောက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပရာယွတ်ကလည်း သူတို့နှစ်ဦးရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲမှာ အာဏာလွှဲပြောင်းခြင်းမပြုမီ နိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆရက်သာက ပရာယွတ်ကို လေးစားဖွယ်ကောင်းပြီး သဘောကောင်းဖော်ရွေသူတစ်ယောက်ဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။

Ref—–pbs Thailand

Leave a Reply

Your email address will not be published. Required fields are marked *