October 18, 2024

၂၄ .၈. ၂၀၂၃

Written by Hey Mar

တာချီလိတ်မြို့ကနေ ရန်ကုန်မြို့ကိုထွက်ခွာသွားတဲ့ Air KBZ လေကြောင်းလိုင်းက လေယာဥ်ပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အရေးပေါ်မီးဖွားခဲ့ပြီး သမီးမိန်းကလေးကို အောင်မြင်စွာဖွားမြင်ခဲ့တယ်လို့ လေယာဥ်ပေါ်မှာ အတူစီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည် တစ်ဦးက MT News ကိုပြောပါတယ်။

ဖြစ်စဥ်က Flight နံပါတ် K7 845 ဟာ ဒီနေ့ သြဂုတ် ၂၄ ရက်ညနေ ၄ နာရီ ၂၀ မှာ ရှမ်းပြည်နယ်​အရှေ့ပိုင်း တာချီလိတ်မြို့ကနေ ထွက်ခွာသွားတဲ့ လေယာဥ်ပေါ်မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဥ်ကြောင့် လေယာဥ်ကို တာချီလိတ်လေဆိပ်မှာပဲ ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is 369171555_167107359740080_298987968327604629_n.jpg

“ကြုံတောင့် ကြုံခဲပါပဲ။ ညီမတို့ လေယာဥ်ဆိုက်ရောက်ချိန်နောက်ကျပေမယ့် ဝမ်းသာခဲ့ရတယ်။ အဲဒီ့အမနဲ့ ညီမတို့ ထိုင်ခုံနဲ့က မျက်စောင်းထိုးလောက်ပေါ့။ သူက လေယာဥ်ပေါ်စတက်ကတည်းက ဗိုက်က နည်းနည်း နာသလိုပဲလို့ ပြောနေတာ။ မွေးရက်က လိုသေးတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့လေယာဥ်ထွက်ပြီး ၁၅ မိနစ်လောက်နေတော့ သူ့ဆီက ညည်းသံငြူသံ စကြားရရော။ လေယာဥ်မောင်တွေကလည်း အဆင်ပြေမှာပါ လာနှစ်သိမ့်တာပေါ့။ ဒါပေမဲ့ ရေမွှာအိတ်ပေါက်ပြီး သူလည်း တအားအော်တော့တာပဲ။ ညီမတို့တွေလည်း ကူတော့ ကူပေမယ့် သူ့ကို အားပဲပေးနိုင်ကြတာပေါ့။ သူ့ခုန်နားလည်း ဘေးထိုင်ခုံတွေက အမျိုးသားတွေချည်း ဝိုင်းနေတာ။ သူ့မှာလည်း အဖော်မပါဘူး။ တစ်ယောက်တည်း စီးလာတာ။ ရန်ကုန်ရောက်ဖို့အထိဆို တစ်နာရီကျော်လောက် ကြာမှာဆိုတော့ လေယာဥ်ကို တာချီလိတ်လေဆိပ်ကိုပြန်လှည့်ပြီး ဟိုမှာ သူနာတင်ယာဥ် အသင့်စောင့်ခိုင်းထားရတာ။ ဒါပေမယ့် တာချီလိတ်လေဆိပ်ကို လေယာဥ်လည်း ဘီးချရော သူလဲ မွေးရောပဲ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

This image has an empty alt attribute; its file name is 369603062_167107326406750_2388433150807963528_n.jpg

လေယာဥ်ပေါ်မှာ ကလေးမီးဖွားခဲ့တဲ့ အမျိုးသမီးဟာ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကလေးနဲ့ မိခင်ကို ချက်ကြိုး မဖြတ်ရသေးဘဲ လေယာဥ်ပေါ်ကနေသယ်ဆောင်ကာ ဦးလှမိုး တာချီလိတ် ပရဟိတအဖွဲ့က သူနာတင်ယာဥ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လေဆိပ်နဲ့ အနီးဆုံးဖြစ်တဲ့ ကောင်းမြတ်အထူးကု ဆေးခန်းကို ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *