October 23, 2024

MT News

လက်နက်ပွဲစားဟု စွပ်စွဲခံနေရသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်ဦးထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးကွန်ရက်မှ ဘတ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ ပိုင်ဆိုင်မှုများ ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်သည်ဟု မြို့တော်ရဲဌာန(MPB) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(ONCB) တို့ကို ကိုးကားပြီး Bangkok Post သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ဦးထွန်းမင်းလတ်နှင့် ပတ်သက်သည့် အမှုနှစ်မှုကို ၂၀၁၉ ခုနှစ်ကတည်းက စုံစမ်းထောက်လှမ်းနေခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin က ဆိုပြီး MBP ၏ ဒုတိယအကြီးအကဲရဲဗိုလ်ချုပ် Nitithorn Jintakanon ကလည်း ဦးထွန်းမင်းလတ်၏ မသင်္ကာစရာငွေကြေး အလွှဲ၊ အပြောင်းများကို ၂၀၁၉ ခုနှစ်တွင် စတင်ထောက်လှမ်းမိခဲ့သည်ဟု အတည်ပြုသည်။

MBP အနေဖြင့် ဦးထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှုများကိုသိမ်းယူကြောင်း အစီရင်ခံစာကို ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်မှုဘုတ်အဖွဲ့ထံ ပေးပို့ခဲ့ပြီး သိမ်းယူမှုများတွင် ငွေသားများ၊ ကား၊ ဟိုတယ်၊ အပန်းဖြေစခန်းများနှင့် ဇိမ်ခံအသုံးအဆောင် ပစ္စည်းများလည်း ပါဝင်ပြီး ခန့်မှန်းတန်ဖိုး ဘတ် ၁ ဒသမ ၈ ဘီလျံခန့်ရှိသည်ဟု Nitithorn က ဆိုသည်။

MPB အနေဖြင့် ဦးထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် အပြင်းအထန်ကြိုးပမ်းနေပြီး လက်ရှိတွင် ဦးထွန်းမင်းလတ်၏ အခွန်မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေကာ အခြားလမ်းကြောင်းများဖြင့်ပါ ဦးထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်ရန် ကြိုတင်စီစဉ်နေသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်အား ထိုင်းရဲတပ်ဖွဲ့က ယခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုများဖြင့် အမှုဖွင့်ခံထားရကာ ဦးထွန်းမင်းလတ်နှင့်အတူ ကြံရာပါအဖြစ် သတ်မှတ်ခံထားရသည့် ထိုင်းနိုင်ငံသားနှစ်ဦးဖြစ်သော Pannarong Khunpitak နှင့် Kallayawee Thiraprapawong တို့မှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ ဦးထွန်းမင်းလတ်၏ အဆိုပါအမှုတွင် ယင်း၏ စီးပွားဖက်ဖြစ်သူ ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun ပါဝင်သည်ဟုလည်း Justice for Myanmar က စွပ်စွဲထားသည်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *