၂၅. ၈. ၂၀၂၃
Translated by Htwe Ko Tun
တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ(TEPCO)၏ ထိခိုက်ပျက်စီးနေပြီဖြစ်သော ဖူကူရှီးမားအမှတ် (၁) နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်မှု လုပ်ငန်းစဉ်အား အငြင်းပွားမှုများဖြစ်ပေါ်နေသည့်ကြားမှပင် ဩဂုတ်လ ၂၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစွန့်ပစ်ရေဆိုးများတွင် Tritium မှလွဲ၍ ရေဒီယိုဓာတ်သတ္တိကြွသော ပစ္စည်းများအားလုံးကို လုံခြုံစိတ်ချရမှုသတ်မှတ်ထားသည့်အဆင့်ထိရောက်အောင် ပြုပြင်ဖယ်ရှားခဲ့ပြီးမှ သမုဒ္ဒရာထဲသို့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် စွန့်ပစ်ခြင်းဖြစ်ကြောင်း၊ Tritium ကလည်း ရေဆိုးစွန့်ပစ်မှုများတွင် ၎င်းပါဝင်ရမည့် သတ်မှတ်ပမာဏထက် များစွာလျော့နည်းပါကြောင်း TEPCO က ပြောခဲ့သည်။
နောက် ၁၇ ရက်အတွင်း TEPCO အနေဖြင့် ထိုပြုပြင်မှုပြုထားသော ရေဆိုး တန်ချိန် ၇,၈၀၀ ကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်မည်ဖြစ်ကြောင်း သိရသည်။ တစ်ဆက်ထဲပင် မြေအောက်ရေနှင့် မိုးရေတို့က ထိခိုက်ပျက်စီးနေသော စက်ရုံ၏ဓာတ်ပေါင်းဖိုအဆောက်အအုံများအတွင်း စီးဝင်ကာ များစွာမသန့်မပြန့်ညစ်ပတ်စေမည်ဖြစ်သည်။ ဖူကူရှီးမားအမှတ် (၁) နျူကလီးယားဓတ်အားပေးစက်ရုံ၏ ကန်များအတွင်း ယခုအခါ ရေတန်ချိန် သန်းပေါင်း ၁ ဒသမ ၃၄ ခန့် သိုလှောင်ထားသည်ဟုလည်း သိရသည်။
ဂျပန်အစိုးရက ထိုရေဆိုးများကို ALPS စနစ်ဖြင့် Tritium မှလွဲ၍ ရေဒီယိုဓာတ်သတ္တိကြွသော ပစ္စည်းများအားလုံးကို လုံခြုံ စိတ်ချရမှုသတ်မှတ်ထားသည့်အဆင့်ထိရောက်အောင် ပြုပြင်ဖယ်ရှားပြီးမှ စွန့်ပစ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ငါးဖမ်းတံငါသည်များနှင့်အခြားသော ဒေသခံလုပ်ငန်းများက ဖူကူရှီးမားအမှတ် (၁) စက်ရုံမှ ရေဆိုးများစွန့်ပစ်မည့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်လျက်ရှိကြသည်။
တရုတ်အစိုးရကလည်း ဂျပန်နိုင်ငံ၏ နျူကလီယားဓာတ်အားပေးစက်ရုံဟောင်းမှ ဤကဲ့သို့ ရေဆိုးများ စွန့်ထုတ်မှုကို ဩဂုတ်လ ၂၄ ရက်တွင် ထပ်မံကန့်ကွက်ရှုတ်ချမှုပြုခဲ့ကာ ဤကိစ္စမှာ ဂျပန်တစ်နိုင်ငံတည်း စိတ်ကြိုက်ဆုံးဖြတ်နိုင်သည့်ကိစ္စမဟုတ်ဘဲ ဒေသတွင်းအခြားနိုင်ငံများနှင့်ပါသက်ဆိုင်ကြောင်း ပြောခဲ့သည်။ တစ်ဆက်တည်းမှာပင် တရုတ်အကောက်ခွန်အရာရှိများက ဂျပန်နိုင်ငံမှတင်သွင်းသော ရေနေသတ္တဝါများနှင့် ၎င်းတို့မှထုတ်လုပ်သော အစားအသောက်အားလုံးကို ပိတ်ပင်လိုက်ကြောင်း ထိုနေ့တွင်ပင် ကြေညာခဲ့သည်။
အလားတူ ဟောင်ကောင်ကလည်း ဂျပန်နိုင်ငံ၏ စီရင်စု ဆယ်ခုမှတင်သွင်းသော ပင်လယ်ရေနေ အစားအ သောက်များကို ပိတ်ပင်သွားမည်ဟုပြောခဲ့သည်။ မလေးရှားအစိုးရကလည်း ဤသို့ နျူကလီးယားစက်ရုံမှရေဆိုးများကို သမုဒ္ဒရာအတွင်း စွန့်ပစ်မှုအပေါ် စိုးရိမ်မိကြောင်း၊ဂျပန်မှတင်သွင်းသော အစားအစာများတွင် အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင်ခြင်းရှိမရှိ အထူးစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။ သို့သော် စင်ကာပူအစိုးရကမူ ဂျပန်မှတင်သွင်းနေသော ပင်လယ်သတ္တဝါ အစားအသောက်များကို ပိတ်ပင်ခြင်းမပြုဟုပြောခဲ့သည်။
ဖူကူရှီးမားအမှတ် (၁) နျူကလီးယားဓါတ်အားပေးစက်ရုံကို ၁၉၇၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ကာ ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ရစ်ချတ်တာစကေး ၉ ရှိငလျင်လှုပ်ခတ်မှုဒဏ်နှင့် ဆူနာမီဒဏ်တို့ကိုပါ ခံခဲ့ရပြီးနောက် ဆက်လက်လည်ပတ်နိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးကာ ရပ်ဆိုင်းခဲ့ရသည်။
Ref—–Asahi Shimbun