၂၅. ၈. ၂၀၂၃
Written by Nay Moe
ကျိုက်ထိုမြို့နယ် ဆေးရုံအုပ်ကြီးအား အေးမင်းထွန်းဦးဆောင်သည့် KRF (Kyaikhto Revolution Force) အဖွဲ့က ခြိမ်းခြောက်စာထုတ်၍ ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေးချက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ်ဖြစ်သူ ဦးခွန်မောင်အိုးသည် မိမိ ရာထူးတာဝန်၏ လုပ်ပိုင်ခွင့်အား အလွဲသုံးစားလုပ်ခြင်း၊ တိုင်ကြားစာအများအပြားကို KRF မှလက်ခံရရှိထားခြင်း စသည်ဖြင့် KRF က စွပ်စွဲထားပြီး ထိုလုပ်ရပ်များကို ရပ်တန်းကရပ်တန့်ရန် လိုအပ်နေကြောင်း KRF အနေဖြင့် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် သိရှိနိုင်ရန် သတိပေးထုတ်ပြန်ကြောင်း သို့မဟုတ်ပါက KRF အနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းသတိပေးလိုက်သည်ဟုလည်း ခြိမ်းခြောက်စာတွင် ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်သည့် NUG နှင့် PDF တို့၏ လက်နက်ကိုင်တိုင်ပွဲအတွင်း ကျန်းမာရေးဝန်ထမ်း ၂၀ ကျော်အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ ၆၀၀၀ ကျော်မှာ “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုသည့် စွပ်စွဲချက်များဖြင့် သတ်ဖြတ်ခံထားရသည်။
KRF သည် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကျိုက္ကသာသွား ရွာချင်းဆက်လမ်း၊ ဘိုရားကြီးကျေးရွာအနီးတွင် BGF တပ်နယ်(၂)မှ ဗိုလ်အဆင့်ရှိသူ ဦးဝင်းစိုး မောင်းနှင်လာပြီး ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုး လိုက်ပါလာသော ယာဉ်အမှတ် (စိစစ်ဆဲ) Mark-ll အဖြူရောင်ယာဉ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဇနီးမောင်နှံနှစ်ဦးစလုံး သေဆုံးခဲ့ရသည့်ပြစ်မှု လတ်တလောကျုးလွန်ထားသည့်အဖွဲ့ဖြစ်သည်။
KRF(Kyaikhto Revolution Force) အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူသည် ရဲတပ်ဖွဲ့မှထွက်ပြေးသူ အေးမင်းထွန်းဖြစ်ပြီး ယခင် NLD အစိုးရလက်ထက် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏လူယုံတော်ဖြစ်ကာ ကျိုက်ထီးရိုးဘုရားဖူးပြည်သူ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၇ ဦး ဒဏ်ရာရရှိစေခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ဖြစ်ပွားသော ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား ပစ်ခတ်တိုက်ခိုက်သည့် အဖွဲ့လည်းဖြစ်သည်။
ထိုကျိုက်ထီးရိုးဘုရားဖူးများကို KRF အဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုတွင် KNU နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့ဘုရားဖူးပြည်သူများစွာသေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုကို စစ်ဆေးအရေးယူမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောခဲ့သော်လည်း အမှန်တကယ်အရေးယူခဲ့မှုမရှိချေ။