၂၅. ၈. ၂၀၂၃
Written by Peya
ဆေးရုံက လက်လျှော့လိုက်ရသည့်အတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦး နောက်ဆုံးနေ့ကို စောင့်ဆိုင်းနေရပြီး မြန်မာပြည်တွင် ခေါင်းချရန် ခက်ခဲနေကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက MT New သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကပုန်းမြို့နယ်၊ အမန်ပူရီရပ်ကွက်အနီးရှိ ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မွန်တိုင်းရင်းသား အမျိုးသားတစ်ဦးသည် အိပ်နေစဉ် ခေါင်းမူးပြီး မျက်စိဖွင့်ရန် အခက်အခဲ ရှိလာသည့်အတွက် သူငယ်ချင်းများအား အကူအညီ တောင်းခံကာ ဆေးရုံသို့ ပို့ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“လူနာက ခြေလက်တွေ မလှုပ်နိုင်သလို ပါးစပ်လည်း ရွဲ့ပြီး အနားက ဆလရမ်းမြို့ ဆေးရုံဆီ ပို့လိုက်ရတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
သို့သော် လူနာ၏အခြေအနေမှာ အသိစိတ်မရှိတော့ဘဲ ခန္ဓာကိုယ်မှာလည်း လှုပ်ရှားခြင်းမရှိတော့ကြောင်း၊ ဆေးရုံက ကြိုးစားကုသပေးသော်လည်း ဦးနှောက်အတွင်းပိုင်း ပျက်စီးသွားသည်ဟု ဆရာဝန်များက မှတ်ချက်ပြုခဲ့ပြီး ဆရာဝန်များက လက်လျှော့လိုက်သည့်အတွက် နေအိမ်သို့ ပြန်ပို့ထားရကြောင်း ၎င်းက ဆိုသည်။
“မိသားစုကလည်း သိသွားပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံကို ပြန်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ လေယာဉ်က လက်မခံဘူးလေ။ နောက်ဆုံးနေ့ကို စောင့်နေရတဲ့ သဘော ဖြစ်သွားပါပြီ” ဟု ၎င်းက ဆိုသည်။