၂၅. ၈. ၂၀၂၃
Written by Ye Kyaw
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမြေပြိုမှုကြောင့် မြဝတီနယ်စပ်တွင် ရက်ပေါင်း ၂၀ နီးပါးပိတ်မိနေသော ကုန်တင်ယာဉ်ကြီးများ အသစ်တည်ဆောက်ပေးခဲ့သည့် ယာယီဘေလီတံတားကို ယနေ့တွင် စတင် ဖြတ်သန်းသွားလာခွင့်ရရှိပြီဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သည်များထံမှ သိရသည်။
“ဖွင့်နေပြီဆိုတော့ ဒီမနက်တော့ တချို့တွေတော့ စမ်းပြီးတော့ ဖြတ်နေတာရှိတယ်။ သူတို့က ကျောက်သားပြန်ခင်းနေတာလည်းရှိတယ်။ အကုန်လုံးကဖွင့်ပြီးတော့ ပုံမှန်အတိုင်းပြန်ဖွင့်လှစ်လိုက်တာတော့ မဟုတ်သေးဘူး။ ဒီနေ့အမှီတော့ ဖွင့်မယ်ပေါ့။ အဲဒီလိုတော့ သိထားတယ်။ အခုသူတို့ စမ်းမောင်းကြည့်သလောက်ကိုတော့ ကျောက်ပြန်ခင်းနေတယ်လို့ သိထားတယ်” ဟု မြဝတီနယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဩဂုတ်လ ၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်း မြေပြိုခဲ့သည့်နေရာ၌ ယာဉ်များပြန်လည်သွားလာနိုင်ရန် ကရင်ပြည်နယ် အစိုးရအဖွဲနှင့် ပြည်နယ်လမ်းဦးစီးဌာနတို၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၀ ရက်မှ စတင်ပြီး ယာယီဘေလီတံတား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် မြဝတီ-ကော့ကရိတ်လမ်းပိုင်းအား ပိတ်ထားခဲ့ပြီး ၁၉ ရက်မြောက်နေ့ဖြစ်သော ဩဂုတ်လ ၂၅ ရက်(ယနေ့) နံနက်ပိုင်းမှစတင်၍ အဆိုပါ ယာယီဘေလီတံတားမှ ကုန်တင်ယာဉ်များ စတင်ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ခွင့်ပြုခဲ့မှုကြောင့် မြဝတီနယ်စပ်၌ ပိတ်မိနေသော ကုန်စည်များ ပုံမှန်အတိုင်းနီးပါး ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ပုံမှန်တော့ ပြန်လည်ပတ်သွားမယ်။ ဒီလမ်းပိုင်းကြောင့်ပဲ မြဝတီမှာ ကုန်ကားတွေတော်တော် ပိတ်မိနေတာဆိုတော့လေ။ အခုလို သွားလာခွင့်ရရင်တော့ ပုံမှန်အတိုင်းတော့ ပြန်လည်ပတ်သွားမှာပါ” ဟု မြဝတီနယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လမ်းပျက်စီးခဲ့သည့်နေရာ၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ယာယီရှောင်ကွင်း မြေသားလမ်း ဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချောခင်းခြင်း လုပ်ငန်းကို မြဝတီမြို့ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ကျောက်ကြမ်းခင်းခြင်းအား အလျား ပေ ၂၀၀၊ အနံ ပေ ၃၀၊ ထုတစ်ပေခင်းခြင်း၊ ကျောက်ကြမ်းပေါ်တွင် ကျောက်ချောခင်းခြင်း လုပ်ငန်းအား အလျားပေ ၃၀၀၊ အနံပေ ၃၀၊ ထု တစ်ပေ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့လမ်းဦးစီးဌာနမှ သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ယာယီဘေလီတံတား တည်ဆောက်မည့် တံတားချဉ်းကပ် ဖောက်လုပ်ခြင်းနှင့် ကျောက်ခင်းခြင်း လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကော့ကရိတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဦးစီးအဖွဲ့မှ အနီးကပ် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။