၂၅. ၈. ၂၀၂၃
Written by Ye Kyaw
စိုက်ပျိုးရေးသွင်းအားစုများကို ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူနိုင်ရေးအတွက် လက်ရှိတွင် ဓာတ်မြေဩဇာ တန်ချိန်ခြောက်သိန်းကျော် တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် နှစ်ဆနီးပါး ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“နိုင်ငံတော်ကနေ စိုက်ပျိုးထုတ်လုပ်မှုကို အားပေးမှုအတွက် သွင်းအားစုတွေနဲ့ ပတ်သက်ပြီး ခွင့်ပြုဆောင်ရွက်နေတာရှိပါတယ်။ ဒီလိုဆောင်ရွက်တာဆိုလို့ရှိရင်လည်း မနှစ်ကဘတ်ဂျက်မှာ ကာလတူမှာ မနှစ်ကဒီအချိန်အထိ တင်သွင်းတဲ့ဟာက ဓာတ်မြေဩဇာဆိုလို့ရှိရင် ဓာတ်မြေဩဇာအမျိုးမျိုး တန်ချိန်သုံးသိန်းလောက် တင်သွင်းခဲ့တာရှိပါတယ်။ ဒီနှစ်ကာလတူမှာ နှစ်ဆလောက် တန်ချိန်ခြောက်သိန်းလောက် ကျွန်တော်တို့ ခွင့်ပြုပြီးတော့ နှစ်ဆနီးပါးတင်သွင်းပြီးတော့ လယ်ယာထွက်ကုန် သွင်းအားစုတွေအတွက် လုံလောက်မှုအတွက်ကို ပံ့ပိုးပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဓိကစိုက်ပျိုးသီးနှံဧက ၃၄ သန်းနီးပါးအတွက် သွင်းအားစု စုစုပေါင်းတန်ချိန် ၄၉၂,၀၀၀ ကျော်လိုအပ်မည်ဖြစ်၍ စံချိန်စံညွှန်းပြည့်ဝသော ဓာတ်မြေဩဇာနှင့် သွင်းအားစုများအား ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားထားသည်။
ယခုနှစ်တွင် အဓိကစိုက်ပျိုးသောသီးနှံ ၁၀ မျိုးအတွက် စိုက်ဧက ၃၃ ဒသမ ၇၈ သန်းရှိရာ လိုအပ်သည့် သွင်းအားစု စုစုပေါင်းတန်ချိန် ၄၁၃,၀၀၀ တန် သုံးစွဲရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါး စီမံကိန်းအတွက် တိုင်းဒေသကြီးလေးခုရှိ လျာထားဧက ၅၃၀,၀၀၀ ရှိကာ မြေဩဇာလိုအပ်ချက် စုစုပေါင်းတန်ချိန် ၇၉,၅၀၀ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များတွင် ကိုဗစ်ကပ်ရောဂါနှင့် ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်မှုများရှိခဲ့ပြီး တချို့သော ဓာတ်မြေဩဇာအမျိုးအစားများသည် တစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ဖူးသည်။