၂၄. ၈. ၂၀၂၃
Written by Peya
ဘာစီလိုနာ လူငယ်အသင်း နှင့် ပွဲ အပါအဝင် U12 Junior World Challenge 2023 ပြိုင်ပွဲ အဖွင့်ပွဲစဉ် ၂ ပွဲလုံးတွင် မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်း ရှုံးနိမ့်ခဲ့သော်လည်း နိုင်ငံတကာ အတွေ့အကြုံကို ပထမဆုံးအကြိမ် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံက သိရသည်။
မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်းသည် ပထမ ပွဲစဉ် အဖြစ် ဘာစီလိုနာ လူငယ်အသင်း နှင့် ယှဉ်ပြိုင်ခဲ့ရာ ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး JEF United Ichihara Chiba အသင်း နှင့် ပွဲ တွင် သုံးဂိုး ၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ကာ ဒုတိယပွဲတွင် မြန်မာ အသင်းအတွက် သွင်းဂိုးကို အလယ်တန်းကစားသမား ကျောနံပါတ် (၈) ဇင်မင်းမြတ်သူက သွင်းယူခဲ့သည်။
အဆိုပါ နှစ်ပွဲစလုံးတွင် မြန်မာအသင်းအနေဖြင့် စုဖွဲ့ ကစားသည့် ပုံစံ အားနည်းနေခဲ့သော်လည်း မျိုးဆက်သစ် ကစားသမားများအတွက် နိုင်ငံတကာ အတွေ့အကြုံကောင်းတစ်ခုဖြစ်ပြီး ယခု ကစားသမားများထဲမှာ နောင်တွင် မြန်မာ့လက်ရွေးစင် အသင်း အတွက် ကစားသမားကောင်းများစွာ ထွက်ပေါ်လာနိုင်ကြောင်း အားကစား ကလောင်ရှင်တစ်ဦးက MT News သတင်းဌာနသို့ သုံးသပ်ပြောကြားသည်။
“ကစားတာကတော့ အခုမှ နိုင်ငံတကာ အတွေ့အကြုံ စရတဲ့ ကလေးတွေပေါ့နော်။ အရင်ကဆို ဒီလို အခွင့်အရေး မရဘူးလေ။ ပြည်ပ ပြိုင်ဘက်၊ ပြည်ပ ကစားဟန်ကို အခုမှ ကိုယ်တိုင် လက်တွေ့စ ထိတွေ့ရတာ ဖြစ်လို့ ကလေးတွေရဲ့ ကစားဟန်ကို ကျေနပ်ရမှာပါ” ဟု ၎င်းက ဆိုသည်။
အုပ်စု စီတွင် ကျရောက်နေသည့် မြန်မာ့ အသင်း အနေဖြင့် လာမည့် ဩဂုတ်လ ၂၅ ရက်တွင် မြန်မာအသင်းသည် Daiwa House Dream လူငယ်အသင်း ယှဉ်ပြိုင် ရမည် ဖြစ်ပြီး မြန်မာအသင်းတွင် ရန်ကုန်ဘောလုံး အကယ်ဒမီ၊ မန္တလေး ဘောလုံးအကယ်ဒမီ နှင့် ပုသိမ်ဘောလုံး အကယ်ဒမီ တို့မှ ကစားသမား အများစု ပါဝင်သည်။