၂၄. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံအတွင်းမှ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်သွားပြီဆိုသော ပြောဆိုချက်များသည် တိုင်းပြည်ပုံရိပ်ကို ပျက်အောင်ဖျက်နေခြင်းဖြစ်ပြီး ပကတိအခြေအနေများနှင့်ကိုက်ညီမှုမရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြီးခဲ့သောရက်ပိုင်းတွင် သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်အတွင်းတရုတ်နိုင်ငံမီဒီယာများနှင့် ပြုလုပ်သောညအင်တာဗျူးအစီအစဉ်တွင် ထည့်သွင်းပြောဆိုခဲ့ကြောင်းသိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက “တကယ်တော့ ဂျပန်တွေ မြန်မာနိုင်ငံမှာအများကြီး ဆက်လုပ်တုန်းဖြစ်ပါတယ်။ အင်္ဂလန်က လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီးရှိနေတုန်းပါပဲ။ထွက်သွားတာတို့ ရပ်သွားတာတို့က တစ်ခုနှစ်ခုပဲရှိတယ်။ဒါကလည်း ကျွန်တော်တို့တိုင်းပြည်က မလုံခြုံလို့ ရပ်တာမဟုတ်ပါဘူး။ ဒါကလည်း နိုင်ငံရေးအရ ဖြစ်တယ်။လက်ရှိအစိုးရအပေါ် ဖိအားပေးမှုဖြစ်တယ်။ လက်ရှိအစိုးရရှိနေတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ သက် ဆိုင်ရာနိုင်ငံတွေက ဖိအားပေးတာမျိုးတွေရှိနေပါတယ်။ဒါကြောင့်ထွက်သွားတာမျိုးတွေရှိခဲ့တာပါ။ တိုင်းပြည်လုံခြုံမှုမရှိလို့ထွက်သွားရတာမျိုးမဟုတ်ဘူး။ သို့သော် လည်းပဲ ကျွန်တော်ပြောသလိုမျိုး၊ ထွက်တာက တစ်ခုနှစ်ခုပဲရှိပြီး ဆက်လုပ်တာတွေကအများကြီးရှိနေပါတယ်။ရင်းနှီးမြှုပ်နှံမှု ထပ်လုပ်နေတာတွေလည်း အများကြီးပဲ။ဥပမာတစ်ခုပေးရမယ်ဆိုရင် သီလဝါ အထူးစီးပွားရေးဇုန် မြန်မာပြည်မှာရှိပါတယ်။ အဲဒီမှာ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ အများကြီးရှိနေပါတယ်။ ထွက်သွားတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူဦးရေ တစ်ယောက်နှစ်ယောက်ပဲရှိတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပြန်ဝင်လာတာက ၆ ယောက်၊ ၇ ယောက်လောက်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်လိုက်ပြီတို့ ထွက်သွားပြီ ဆိုတာတွေက တိုင်းပြည်ပုံရိပ်ကို ပျက်အောင်ဖျက်နေတာပဲဖြစ်တယ်။ တကယ်ပကတိအခြေ အနေနဲ့ကိုက်ညီမှုမရှိပါဘူး”ဟု ပြောသည်။
နစကအစိုးရအနေဖြင့် လက်ရှိအချိန်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ထားကြောင်း ဝန်ကြီး ဦးအောင်နိုင်ဦးက ထပ်မံပြောဆိုထားသည်။
“မြန်မာနိုင်ငံမှာ လာရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုအများစုထဲမှာ နံပါတ်တစ်က လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာကိုရွေးချယ်တယ်။ နံပါတ်နှစ်က ဆိပ်ကမ်းနဲ့နီးတဲ့ နေရာကိုရွေးပါတယ်။ နံပါတ်သုံးက စက်မှုဇုန်တွေမှာလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုအများစုလုပ်ကြတယ်။ နံပါတ်လေးက အထူးစီးပွားရေးဇုန်မှာ လာပြီးရင်းနှီးမြှုပ်နှံကြတယ်။ အဲဒီနေရာအားလုံးက လုံခြုံစိတ်ချရတဲ့နေရာတွေဖြစ်တယ်။ မြန်မာပြည်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုက ဒုတိယအများဆုံးဖြစ်ပါတယ်။ မြန်မာပြည်မှာလာလုပ်တဲ့ရင်းနှီးမြှုပ်နှံမှုအားလုံးဟာ အခုချိန်အထိ လုပ်ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ကိုင်နေကြတာကိုတွေ့ရပါတယ်။
ဒါကြောင့်မို့လို့ ရင်းနှီးမြှုပ်နှံလုပ်မယ်ဆိုရင်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ထဲလုပ်တာက ဘာမှအခက်အခဲမရှိပါဘူး။ ကျွန်တော်တို့အစိုးရက လိုတာတွေ အပြည့်အ၀ ကူညီပေးတယ်။ စောင့်ရှောက်ပေးတယ်။ ဒါပေမယ့် အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့ နယ်မြေမှာ သွားလုပ်ရင်တော့ အစိုးရက တာဝန်ယူဖို့ခက်ခဲပါတယ်။ကျွန်တော်တို့ လက်ရှိအစိုးရရဲ့မူဝါဒတွေထဲမှာ နံပါတ်တစ်ဦးစားပေးက စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက်လုပ်ကိုင်ဖို့ အများအပြားဖိတ်ခေါ်တယ်။ နံပာတ်နှစ်ကတော့ ကုန်ထုတ်လုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံဖို့။ အထူးသဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆက်စပ်တဲ့ကုန်ထုတ်လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်။ နံပါတ်သုံးကတော့ ဝန်ဆောင်မှုကဏ္ဍဖြစ်တဲ့ ခရီးသွားကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်။ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အဓိကဦးစားပေးဖိတ်ခေါ်တာက နယ်ပယ်ကြီးသုံးခုပါ၊ စိုက်ပျိုးမွေးမြူရေးရယ်၊ ကုန်ထုတ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေဖြစ်ပါတယ်။ အဲဒီကဏ္ဍသုံးခုမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေပါတယ်” ဟု ဦးအောင်နိုင်ဦးကဆက်လက်ပြောသည်။
Ref- — V.ifeng.