၂၄. ၈. ၂၀၂၃
Written by Naing Thuta
လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦး ရေပိုက်၌ အဝတ်လျှော်ရန်ပြင်ဆင်နေစဥ် ရုတ်တရက်သေဆုံးမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များ ပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၄ ရက်နေ့) မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် ၅ ၊နယ်မြေ ၁၃ ၊ ၄၉ လမ်း၊ ၁၉ လမ်းနှင့် လမ်း ၂၀ ကြားတွင်ရှိသော ရေပိုက်၌ အဝတ်လျှော်ရန်ပြင်ဆင်နေသည့် အမျိုးသမီးတစ်ဦးသည် ရုတ်တရက်သေဆုံးသွားသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးကြည့်သည့်အခါ ပြင်ပဒဏ်ရာရရှိခြင်းမရှိပဲ သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် အလောင်းအား စစ်ဆေးနိုင်ရန် လားရှိုးပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာနမှ တစ်ဆင့်ရင်ခွဲရုံသို့(PR-018)ဖြင့် ပို့ဆောင်ပေးထားပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ရရှိပြီးဖြစ်ကြောင်း သိရသည်။
” သေဆုံးသွားတဲ့အမျိုးသမီးက အဲ့ဒီ ရပ်ကွက်မှာ နေထိုင်တဲ့အမျိုးသမီးပဲ။ လမ်းထိပ်က ရေပိုက်မှာ အဝတ်လျှော်မလို့ လုပ်နေစဉ်မှာပဲ ရုတ်တရက်လဲကျသေဆုံးသွားတာပါ။ အသင်းကို ရပ်ကွက်နေပြည်သူတစ်ဦးက ဆက်သွယ်အကူအညီတောင်းလို့ သွားကြည့်ပြီး သက်ဆိုင်ရာ ရဲတွေကိုပါအကြောင်းကြားပေးလိုက်တယ်။ တာဝန်ရှိသူတွေ လာစစ်တော့ အပြင်ဒဏ်ရာမတွေ့ဘူးတဲ့။ သွေးတိုးပြီး ဦးနှောက်သွေးကြောပြတ်တာလားမသိပါဘူး။ ဆေးရုံကြီးကိုပို့ပြီး ဆေးပညာနဲ့ ခွဲစိတ်စစ်ဆေးပြီးမှ သိနိုင်မှာပါ။ မိသားစုဝင်တွေကိုလည်း အကုန်အကြောင်းကြားပြီးပါပြီ”ဟု လားရှိုးလူငယ်များ ပရဟိတအသင်းမှ သွားရောက်ကူညီပေးခဲ့သူတစ်ဦးက ဆိုထားသည်။