၂၄. ၈. ၂၀၂၃
Translated by Htwe Ko Tun
BRICS အဖွဲ့ကြီးက လအတန်ကြာဆွေးနွေးလာခဲ့ကြတဲ့ ကိစ္စဖြစ်တဲ့ အဖွဲ့ဝင်သစ်များလက်ခံရေးမှာ နောက်ထပ် ခြောက်နိုင်ငံကို တင်းပြည့်အဖွဲ့ဝင်များအဖြစ် လက်ခံကြောင်း တောင်အာဖရိကသမ္မတ စီးရီးလ် ရာမာဖိုဆာ က တောင်အာဖရိကနိုင်ငံမှာ ကျင်းပနေတဲ့ BRICS ထိပ်သီးဆွေးနွေးပွဲကြီးမှာ ဩဂုတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။
သမ္မတ ရာမာဖိုဆာ က ထိုအဖွဲ့ဝင်သစ်နိုင်ငံတွေကို BRICS ရဲ့ အဖွဲ့ဝင်များအဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်မှာ တရားဝင်စတင်လက်ခံမှာလို့လဲ ပြောခဲ့ပါတယ်။ ရာမာဖိုဆာက “ကျွန်တော်တို့အနေနဲ့ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ နဲ့ ယူအေအီနိုင်ငံတို့ကို BRICS ရဲ့ တင်းပြည့် အဖွဲ့ဝင်များအဖြစ် လက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ နီးပါးက BRICS အဖွဲ့မှာပါဝင်ဖို့ စိတ်ဝင်စားမှုကို ပြသနေကြရာ ကမ၁္ဘ့တောင်ပိုင်းဖွံဖြိုးဆဲနိုင်ငံတွေဘက်က ရပ်တည်ကာကွယ်မယ့် အဖွဲ့ကြီးပေါ်ပေါက်လာတာကို ရည်ညွှန်းပြဆိုတာပဲလို့ သုံးသပ်ကြပါတယ်။
ထိပ်သီးဆွေးနွေးပွဲကျင်းပသည်အထိ အဖွဲ့ကြီးကို တိုးချဲ့ဖွဲ့စည်းဖို့တောင်းဆိုမှုတွေရှိခဲ့ရာ နောက်ဆုံး BRICS ရဲ့ မူလငါးနိုင်ငံကလည်း အဖွဲ့ကြီးကို တိုးချဲ့ပြီး အဖွဲ့ဝင်သစ်တွေကိုလက်ခံဖို့ အခြေခံမူတွေ၊ အဆင့်အတန်းတွေ၊ စံနှုန်းတွေ နဲ့ လုပ်ငန်းစဉ်တွေကို သဘောတူခဲ့ကြတာပါ။
ရုရှားသမ္မတ ပူတင် ကတော့ဆွေးနွေးပွဲကို အွန်လိုင်းမှတက်ရောက်ခဲ့ပြီး BRICS ရဲ့ တိုးချဲ့မှုအပေါ် သံတမန်ရေးရာအရ ကျွမ်းကျင်စွာဆောင်ရွက်မှုလို့လဲဆိုခဲ့ပါတယ်။ ပူတင် က “ကျွန်တော်တို့ BRICS ကို ကမ္ဘာတစ်ဝန်းမှာပိုလို့တိုးချဲ့သွားချင်ပါတယ်။ ဒါကြောင့် BRICS အဖွဲ့ကြီးက ပိုလို့အင်အားကောင်းလာအုံးမယ်လို့ ပြောချင်ပါတယ်“ လို့ ဆိုခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကလည်း “BRICSအဖွဲ့ကြီး ၁၅ နှစ်ရှိတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့ကြီးကို တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့ကြပြီ။အိန္ဒိယအနေနဲ့ အဖွဲ့ကြီးကိုတိုးချဲ့နိုင်မယ်လို့လည်း ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။
Ref—WION