၂၃.၈. ၂၀၂၃
Written By Thandar
တေးရေး၊ တေးဆို အဆိုတော် ဗျူဟာ ဒီနေ့ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးက MT News ကိုပြောပါတယ်။
” အကို့ကို ဘာပုဒ်မနဲ့ သတ်မှတ်ပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်တယ်တော့ သေချာ မသိသေးပါဘူး။ စွဲချက်တွေ တင်ထားတာတော့ ရှိပါတယ်။ သေချာတော့ မသိပါဘူး “လို့ မိသားစုဝင်တစ်ဦးက MT News ကို ပြောပါတယ်။
အဆိုပါ ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ယနေ့နံနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်က တာဝန်ရှိသူတစ်ဦးက ဆက်သွယ်လာလို့ သိရတယ်လို့ ဆိုပါတယ်။
ဗျုဟာက ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်မှာ ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တောက်မှု၊ ပုံမှန်မရတဲ့ မီးပေးမှုနဲ့ပတ်သက်ပြီး သူ့ Facebook Account ကတစ်ဆင့် ပြောဆိုခဲ့လို့ မေလ ၂၄ ရက်မှာ ဗျူဟာ Live လွှင့်တဲ့ သူနေထိုင်ရာ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်က ဗထူးအိမ်ရာကို သွားရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
“ငါ့ မိန်းမလေးနေမကောင်းဖြစ်နေတာပဲ။ အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ်ဆိုပြီး…အခုတော့ နှစ် ၂၀ တဲ့လား။ ဘာများလုပ်မိလို့ပါလဲ “လို့ ဗျူဟာရဲ့ ဇနီးဖြစ်သူက ပရိသတ်သိအောင်ပြောလာပါတယ်။
တချို့ပရိသတ်တွေကလည်း ဗျူဟာ ပြန်လည်လွတ်မြောက်လာပြီ ထင်နေကြပေမယ့် တကယ်မလွတ်ခဲ့ဘဲ အင်းစိန် ထောင် အကျဉ်းထောင်မှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။