၂၃. ၈. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ၏ အဓိကဘဏ်တစ်ခုဖြစ်သော KBank သည် မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာပြည်တွင်းရှိ မိသားစုများထံ စမတ်ဖုန်းအသုံးပြုကာ ငွေကြေးလွှဲပြောင်းမှု အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံအခြေစိုက် ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်အဖြစ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူငယ်များသည် ထိုင်းနိုင်ငံကဲ့သို့သောအိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများ မြင့်တက်လာခဲ့သည်။ အဆိုပါ ထိုင်းဘဏ်သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ပြည်တွင်းရှိမိသားစုများထံ ငွေကြေးပြန်လည်လွှဲပြောင်းပေးမှုအဆင်ပြေစေရန် ရည်ရွယ်ပြီး စမတ်ဖုန်းအသုံးကာ ငွေကြေးလွှဲပြောင်းပေးနိုင်မည့် အစီအစဉ်ကို မြန်မာဘဏ်နှင့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအခြေစိုက် ကမ္ဘောဇဘဏ်ကလည်း မြန်မာနိုင်ငံရှိ Mobile Wallet များထဲတွင် အအောင်မြင်ဆုံးနှင့် အသုံးပြုရလွယ်ကူ အဆင်ပြေဆုံးဖြစ်သည့် KBZPay နှင့် ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများထဲမှ ထိပ်တန်းဘဏ်လုပ်ငန်းတစ်ခုဖြစ်သည့် KBank နှင့် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် ထူးခြားသော Cross Border ဒစ်ဂျစ်တယ် ငွေလွှဲခြင်း အတွေ့အကြုံကို ပေးဆောင်ရန် ရည်ရွယ်သည့်အပြင် စမတ်ကျ၍ လွယ်ကူလုံခြုံသော ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်ကိုအသုံးပြု၍ မြန်မာနိုင်ငံရှိ မိသားစု သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများထံသို့ အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်ငွေလွှဲနိုင်စေရန်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံရှိ မိသားစုများထံသို့ ငွေလွှဲရာတွင် လူကိုယ်တိုင် ဘဏ်ကို သွားစရာမလိုတော့ဘဲ K Plus Mobile Banking မှတစ်ဆင့် KBZPay သို့ တိုက်ရိုက် ငွေလွှဲနိုင်မည်ဖြစ်သည်။
K Plus Mobile Banking App မှတစ်ဆင့် မြန်မာနိုင်ငံရှိ မိသားစုဝင်များ၏ KBZPay Mobile Wallet ထဲသို့ ငွေလွှဲရာတွင် လုံခြုံစိတ်ချရပြီး စမတ်ကျသည့် ဒစ်ဂျစ်တယ် လုပ်ငန်းစဉ်တို့ကြောင့် ယခင်ကထက် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း၊ ၁၀၀ ရာခိုင်နှုန်း ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် Smart Phone မှတစ်ဆင့် အချိန်နေရာမရွေး လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ်အနေနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း K PLUS နှင့် KBZPay သို့ ငွေလွှဲခ အခမဲ့ဖြင့် ငွေလွှဲပေးပို့နိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် KBank က သတင်းထုတ်ပြန်ထားသည်။
Ref- asia.nikkei.