၂၃.၈. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့ ကမ်းနားလမ်းတွင် ယနေ့မနက်ပိုင်းက မြို့နယ်လမ်းတံတားအဖွဲ့မှ လမ်းဘေးပလက်ဖောင်း ပြုလုပ်နေစဥ် ပိဿာ ၂၀၀ ခန့်ရှိသည့် ရှေးဟောင်း သံအမြောက်တစ်လက် တွေ့ရှိခဲ့ကြောင်း မြို့နယ်လမ်းတံတားဦးစီးမှူး ဦးဇာနေကြည်ဝင်း ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အကွက်(၃၂၂)၊ အထက်ကမ်းနားလမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် ယနေ့(ဩဂုတ်လ ၂၃ ရက်နေ့)မနက် ၉ နာရီခန့်က မဟာအောင်မြေမြို့နယ် လမ်းတံတားအဖွဲ့မှ ကမ်းနားလမ်းဆိပ်ကမ်း သာယာလှပရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် လမ်းဘေးပလပ်ဖောင်း ပြုလုပ်နေစဥ် အရှည် ၇ ပေခွဲ၊ အချင်း ၁ ပေခွဲ ၊ ပြောင်းဝ ၁ ပေ ၁ လက်မခန့်၊ အလေးချိန် ၂၀၀ ပိဿာခန့်ရှိ ရှေးဟောင်း သံအမြောက် ၁ လက် တွေ့ရှိခဲ့သဖြင့် သတ်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်စစ်ဆေးပြီးနောက် မနက် ၁၁ နာရီခန့်တွင် မန္တလေးနန်းတွင်း လပခ စခန်းရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။