၂၃. ၈. ၂၀၂၃
Written by Nyein Kyaw
ဩဂုတ်လ ၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်း မြေပြိုခဲ့သည့်နေရာ၌ ယာယီဘေလီတံတား တည်ဆောက်လျက်ရှိရာ လက်ရှိတွင် ရာခိုင်နှုန်း ၇၀ ပြီးစီးပြီဖြစ်၍ မကြာမီ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါလမ်းအား ယာဉ်များပြန်လည်သွားလာနိုင်ရန် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၀ ရက်မှ စတင်ပြီး ယာယီဘေလီတံတား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လမ်းပျက်စီးခဲ့သည့်နေရာ၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ယာယီရှောင်ကွင်း မြေသားလမ်း ဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချောခင်းခြင်း လုပ်ငန်းကို မြဝတီမြို့ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ကျောက်ကြမ်းခင်းခြင်းအား အလျား ပေ ၂၀၀၊ အနံ ပေ ၃၀၊ ထုတစ်ပေခင်းခြင်း၊ ကျောက်ကြမ်းပေါ်တွင် ကျောက်ချောခင်းခြင်း လုပ်ငန်းအား အလျားပေ ၃၀၀၊ အနံပေ ၃၀၊ ထု တစ်ပေ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ လမ်းဦးစီးဌာနမှ သိရသည်။
ထို့ပြင် အရှည်ပေ ၇၀၊ အကျယ် ၁၃ ပေ၊ ရှစ်လက်မရှိ ယာယီဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြဝတီဘက်ခြမ်းမှစတင်၍ ယာယီဘေလီတံတားဖရိန် တပ်ဆင်ခြင်းနှင့် ကြမ်းခင်းသံပြားခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၂ ရက်အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မကြာမီကာလတွင် ကုန်စည်ယာဉ်များ ဖြတ်သန်း သွားလာနိုင်တော့မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ယာယီဘေလီတံတား တည်ဆောက်မည့် တံတားချဉ်းကပ် ဖောက်လုပ်ခြင်းနှင့် ကျောက်ခင်းခြင်း လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကော့ကရိတ် တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဦးစီးအဖွဲ့မှ အနီးကပ် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။