November 1, 2024

၂၄. ၈. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ် ဘန်ဘိုခရိုင်ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ မကြာသေးမီက သုံးမီတာလောက်အရှည်ရှိတဲ့ စပါးအုံးမြွေရဲ့ တိုက်ခိုက်ခံခဲ့ရတာမှာ ကိုက်တဲ့ အဲ့ဒီမြွေကို ပြန်ကိုက်ပြီးဖမ်းကာ ရဲစခန်းကိုယူသွားပြီး သတင်းပေးတိုင်ကြားခဲ့တာကြောင့် ရဲရင့်တဲ့ ဝန်ထမ်းအဖြစ် ဒေသတွင်းမှာ နာမည်ကြီးနေခဲ့တယ်လို့ သိရပါတယ်။

စပါးအုံးမြွေ တိုက်ခိုက်ခံရမှု ဖြစ်စဉ်က မကြာသေးမီရက်ပိုင်းအတွင်းက ည ၁၀ နာရီလောက် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၆၈ နှစ်အရွယ် ဆာရာယွတ် မာလာချန် အလုပ်လုပ်ကိုင်နေထိုင်တဲ့ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆာရာယွတ် ဟာ အဲ့ဒီနေ့က တစ်နေ့တာအလုပ်အပြီးမှာ ရေချိုး၊ ကြက်သားနဲ့ ညစာစားပြီး ပိုတဲ့ ကြက်သားတွေကို အခန်းထဲမှာပဲ ချန်ထားခဲ့ကာ အိပ်ပျော်သွားတယ်လို့ ပြောပါတယ်။ အဲ့ဒီနောက် သူ့ခြေဖဝါးမှာ တစ်ခုခုအကိုက်ခံထားရသလို စူးရှတဲ့ နာကျင်မှုနဲ့ ရင်ဘတ်ပေါ်မှာ လေးလံတဲ့ ဒဏ်ကို ရုတ်တရက် ခံစားလိုက်ရချိန်မှာ ရုတ်တရက် နိုးသွားခဲ့ပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူဟာ စပါးအုံးမြွေကိုက်ခံထားရပြီး သူ့လည်ပင်းတစ်ဝိုက်မှာ မြွေက ရစ်ပတ်နေတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

သူဟာ မြွေရစ်ပတ်ထားတာကနေ လွတ်မြောက်နိုင်ဖို့ ရုန်းကန်ပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဘယ်သူမှ မကြားခဲ့ကြဘူးလို့ ပြောပါတယ်။ အဲ့ဒီနောက်မှာ စပါးအုံးမြွေရဲ့ ခွန်အားကို မတွန်းလှန်နိုင်တာကြောင့် ဆာရာယွတ်က မြွေရဲ့ အမြီးကို အစွမ်းကုန် ကိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့လိုကိုက်လိုက်တာကြောင့်ပဲ မြွေက ရစ်ပတ်ထားတာကနေ ဖြေလျော့လိုက်ပါတော့တယ်။ အဲ့ဒီအခါမှသာ သူလည်း မြွေကို ခေါင်းကနေ ကိုင်ကာ ရဲစခန်းကို ယူသွားခဲ့ပြီး သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းရောက်တော့ စေတနာ့ဝန်ထမ်းတွေက စပါးအုံးမြွေကို ဖမ်းဆီးပြီး ဆာရာယွတ် အကိုက်ခံရတာကို ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးကာ ဆက်လက်ကုသဖို့ သူ့ကို ဘန်ဘိုဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ခုလို မြွေတွေဆီက တိုက်ခိုက်ခံရတာတွေ အရင်ကလည်း မကြာခဏ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ တုန်းကလည်း နွန်သဘူရီမြို့မှာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ယောက် အိမ်သာသွားစဉ် တင်ပါးကို စပါးအုံးမြွေအကိုက်ခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီမြွေဟာ အိမ်သာခွက်ထဲမှာ ရှိနေခဲ့တာပဲဖြစ်ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *