၂၄. ၈. ၂၀၂၃
Written by peya
ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင် တို့ တတိယအကြိမ် စိန်ခေါ်ပွဲ ရှိလာမည်ဟု ထွန်းထွန်းမင်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်ပေါ်က ရေးသားချက်နှင့် ပတ်သက်၍ ပရိသတ်များ က သုံးသပ်နေကြကြောင်း မှတ်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်က သိမ်ဖြူအားကစားကွင်းတွင် Myanmar Lethwei World Championship (MLWC) ပြိုင်ပွဲကို ကျင်းပခဲ့ပြီး မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်း ထံက ရယူထားသည့် သွေးသစ်ဝင်းလှိုင် နှင့် ထွန်းထွန်းမင်း တို့ စိန်ခေါ်ထိုးသတ်ခဲ့ရာ သရေကျသည့်အတွက် ထွန်းထွန်းမင်း က မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သွေးသစ်ဝင်းလှိုင် ၏ အုပ်ချုပ်သူ ကိုကျော်ဝင်းလှိုင် က “သရေ ပါပဲ။ သူသာတယ်၊ ငါသာတယ် မငြင်းကြပါနဲ့။ ပြတ်ပြတ်သားသား အဖြေသိချင်ရင် ဝိတ်မချပေးနဲ့ ၇ ချီ ထိုးပါ့မယ်” ဟု ရေးသားလာသည့်အပေါ် ထွန်းထွန်းမင်းက ၎င်း၏ အကောင့်မှ နေ၍ အဆိုပါ ရေးသားချက်ကို စခရင်ရှော့ယူကာ ပြန်တင်ခဲ့ပြီး “ဒီပိုစ့်လေးကိုကြိုက်လို့ ကျွန်တော့် ဖက်ကအဆင်သင့်ပါပဲ။ ကြိုက်တဲ့နေရာမှာ ပွဲတည်လို့ရတယ်” ဟု ပြန်လည် ရေးသားထားသည်ကို တွေ့မြင်ရသည်။
အဆိုပါ ရေးသားချက်နှင့် ပတ်သက်၍ ပရိသတ်များက ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင်တို့ကြား တတိယအကြိမ် စိန်ခေါ်ပွဲ ရှိလာမည်ဟု ခန့်မှန်းရေးသား မှတ်ချက်ပေး ရေးသားနေကြခြင်းလည်း ဖြစ်သည်။
“ပြိုင်ပွဲကို ၇ ချီလောက် ထိုးစေချင်တယ်။ အခုက ငါးချီ ဆိုတော့ ကြည့်ရတာက တမျိုး ဖြစ်သွားတာပေါ့။ ပြီးတော့ အဲ့ဒီ စိန်ခေါ်ပွဲထိုးတုန်းက သိမ်ဖြူအားကစားကွင်းဆို တော်တော်လေးကို ပူတာ။ အရမ်းပူတယ်။ ကစားသမားတွေလည်း အဆင်မပြေလောက်ဘူး။ ထ ပြန်သွားတဲ့သူတောင် ရှိတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်” ဟု လက်ဝှေ့ ဝါသနာရှင် တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။