၂၄.၈.၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားက အနုပညာရှင်တွေမှာ ချစ်ခင်အားပေးတဲ့ပရိသတ်တွေ ကမ္ဘာအနှံ့မှာ သန်းနဲ့ချီပြီး ရှိကြသလို အစွဲအလမ်းကြီးပြီး အနှောင့်အယှက်ဖြစ်စေတဲ့အထိ အလွန်အကျွံ အားပေးတတ်ကြတဲ့ ဆိုးရွားတဲ့ ပရိသတ်တွေလည်းရှိကြပါတယ်။ အခုတစ်ခါမှာလည်း တောင်ကိုရီးယားနာမည်ကြီး အမျိုးသား အဆိုရှင်အဖွဲ့ NCT ရဲ့အဖွဲ့ဝင် Jaehyun ရဲ့ အမေရိကန်ဖျော်ဖြေရေးခရီးစဉ်တုန်းက တည်းခိုတဲ့ ဟိုတယ်အခန်းထဲကို အမျိုးသမီးပရိသတ်တစ်ဦးက ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အဖြစ်လည်းရှိခဲ့ပြီး အဲ့ဒီပရိသတ်ကိုတော့ တရားဥပဒေအရ အရေးယူသွားမယ်လို့ NCT အဖွဲ့ရဲ့ အေဂျင်စီ SM Entertainment က ထုတ်ပြန်ခဲ့ပါတယ်။
X (အရင် Twitter) အသုံးပြုသူတစ်ဦးက မကြာသေးမီရက်ပိုင်းအတွင်းက NCT 127 (NCT ရဲ့ အဖွဲ့ခွဲ) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက အမေရိကန်ဖျော်ဖြေပွဲအတွက် Jaehyun တည်းခိုခဲ့တဲ့ ဟိုတယ်ခန်းထဲ ကျူးကျော်ဝင်ရောက် ရိုက်ကူးထားတဲ့ ဗီဒီယို လေးခုကို တင်ခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုတွေထဲမှာ Jaehyun ရဲ့ ဖျော်ဖြေပွဲ အဝတ်အစားတွေ၊ အိပ်ရာနဲ့ ကိုယ်ပိုင်ပစ္စည်းတွေအပြင် တန်းစီထားတဲ့ တခြားအဖွဲ့ဝင်တွေရဲ့ ခရီးဆောင်အိတ်တွေပါ ပါဝင်ပါတယ်။
အဲ့ဒီဗီဒီယိုတွေကို ကြည့်ရှုသူအရေအတွက်က တစ်သန်းကျော်အထိရှိခဲ့ပြီး ကိုယ်ရေး ကိုယ်တာ ချိုးဖောက်တဲ့အလုပ်တွေလုပ်ခဲ့တဲ့ အဲ့ဒီ အမျိုးသမီး ပရိသတ်ဟာ တခြား ပရိသတ်တွေဆီကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရရှိနေကာ NCT ရဲ့ အေဂျင်စီ SM Entertainment ကလည်း အဲ့ဒီဗီဒီယိုဟာ အနုပညာရှင်ရဲ့ကိုယ်ရေးကိုယ်တာကို ပြင်းထန်စွာ ထိပါးစေတဲ့ တရားမဝင်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ စုံစမ်းစစ်ဆေးရေးအေဂျင်စီနဲ့ ဥပဒေကုမ္ပဏီကို တောင်းဆိုသွားမယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။
Ref; CNA