၂၄. ၈. ၂၀၂၃
Written by Ye Kyaw
ယခုနှစ်အတွင်း ဖြစ်ပေါ်မည့် အယ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် စားရေရိက္ခာ ပြတ်လပ်မှု မကြုံနိုင်ကြောင်းနှင့် လက်ရှိအချိန်အထိ ပြည်တွင်း၌ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် ကျန်ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“သဘာဝဘေးပေါ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာဆိုရင် အယ်နီညိုနဲ့ ပတ်သက်ပြီး ဒီနှစ်မှာဆိုလို့ ရှိရင် သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကမ္ဘာ့စားရေ ရိက္ခာထုတ်လုပ်မှုတွေထိခိုက်နိုင်တာကို ကျွန်တော်တို့အနေနဲ့လည်းကြိုတင်ပြီးတော့ လေ့လာ ဆန်းစစ်မှုတွေလုပ်ထားတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ စားရေရိက္ခာလျော့ကျမယ်ဆိုတာ ကို ခန့်မှန်းထားတယ်။ သို့သော်လည်း မြန်မာနိုင်ငံအနေနဲ့ တည်ရှိတဲ့နေရာကတော့ အီကွေတာရဲ့ မြောက်ဘက်ခြမ်းမှာ ရှိတဲ့အတွက်ကြောင့်မို့ လာမယ့် အယ်လ်နီညို စတင်မယ့်ကာလပေါ့။ ကျွန်တော်တို့ခန့်မှန်းတာက အောက်တိုဘာလို့ ခန့်မှန်းပါတယ်။ ဒီအောက်တိုဘာလလောက်မှာ အဓိက ကျွန်တော်တင်ပြတဲ့ ဆန်စပါးထုတ်လုပ်မှုဟာ အဲဒီအချိန်မှာတော့ အောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာ မိုးစပါးပေါ်မှာပေါ့နော်။ အောက်တိုဘာလလောက်မှာ အယ်လ်နီညိုစဝင်မှာဖြစ်တော့ ဒီမိုးစပါးကို ထိခိုက်နိုင်ခြေ မရှိဘူးလို့ သုံးသပ်ထားပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ တွက်ချက်ထားမှုများအရ လက်ရှိအချိန်အထိ ပြည်တွင်း၌ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် ကျန်ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံသို့ အယ်နီညိုဝင်ရောက်မည့် အောက်တိုဘာလနှင့် မိုးစပါးစတင်ပေါ်မည့် နိုဝင်ဘာလများအထိ ပြည်တွင်းဆန်ဖူလုံမှုကို ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိကာလအထိမှာဆိုလို့ရှိရင် ဆန်စပါးအနေနဲ့ဆိုလို့ရှိရင် ဆန်လက်ကျန်ဟာမြေပြင် လက်ကျန်တွက်ချက်မှုအရ တန်ချိန် ၃ ဒသမ ၅ သန်းကျော်လောက်ကျန်ရှိနေလို့ တွက်ချက်လို့ရပါတယ်။ အဲဒီပမာဏဟာဆိုရင် လာမယ့်နိုဝင်ဘာလအထိ မိုးစပါး ထွက်ရှိတဲ့ကာလအထိကိုလုံလောက်မှာဆိုတော့ ပြည်တွင်းမှာဆန်ဖူလုံမှုရှိနိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ တစ်ဖက်မှာ ပြည်တွင်းမှာ ကြီးမြင့်နေတဲ့ ဆန်ဈေးနှုန်းကို ထိန်းကျောင်းနိုင်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းပြီး တိုက်ရိုက်ရောင်းချတာတွေ နိုင်ငံတော်အနေနဲ့လည်း အရန်ဆန်စုဆောင်းတာတွေ စုဆောင်းတဲ့ အစီအမံတွေ ဆောင်ရွက်လျက်ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် အယ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် စီးပွားရေးထိခိုက်မှုနှင့် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရင်ဆိုင်ရဖွယ်ရှိနေသော နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေကြောင်း BMI Country Risk & Industry Research ၏ ဖော်ပြချက်များအရ သိရသည်။
အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်းအန္တရာယ်များ ဖြစ်လာနိုင်မှုနှင့်အတူ အာရှတိုက်တွင် လာမည့် နှစ်နှစ်အတွင်း ဆန်စပါးဈေးနှုန်းများပိုမိုမြင့်တက်လာဖွယ်ရှိနေသလို ရာသီဥတု ခြောက်သွေ့ခြင်းများကြောင့် အစားအစာစိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်ရဖွယ်ရှိနေကြောင်း ကမ္ဘာမိုးလေဝသဌာနက သတိပေးထားသည်။