၂၄. ၈. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်နေရာမဲပေးရွေးချယ်ပွဲ၌ ဩဂုတ်လ ၂၂ ရက်က မဲပေးရွေးချယ်ခံခဲ့ရသော ဖျူထိုင်းပါတီမှ အဆိုပြုသည့် ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗီဆင် အား ဩဂုတ်လ ၂၃ ရက်တွင် ထိုင်းဘုရင်မင်းမြတ်က ထိုင်းနိုင်ငံ၏အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် အတည်ပြုမှတ်တမ်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဆရက်သာ ကလည်း ဘန်ကောက်မြို့ရှိ ဖျူထိုင်းပါတီ ဌာနချုပ်တွင် ထိုင်းဘုရင်မင်းမြတ်၏ ပုံတူရုပ်ပုံအား လေးစားသမှုပြု ရှိခိုးခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် အတည်ပြုခံရပြီးဖြစ်သော ဆရက်သာ က ၎င်းအနေဖြင့် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးကို ဦးစားပေး၍ စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်လေးနှစ်က ပြောင်းလဲမှုကို ဆောင်ရွက်ပေးနိုင်မည့် လေးနှစ်တာကာလ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်းပြောခဲ့သည်။
၎င်းက ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေး၊ လူ့အသိုင်းအဝိုင်း၊ ဂေဟဗေဒ၊ အကျင့်ပျက်ခြစားမှုနှင့် သာတူညီ မျှမရှိမှု တို့နှင့်သက်ဆိုင်သော စိန်ခေါ်မှုများကို ထိပ်တိုက်ရင်ဆိုင်နေရကြောင်းလည်း ပြောခဲ့သည်။ ၎င်းက အကျပ်အတည်းအခြေအနေကိုလွန်မြောက်ရန်၊ ပြဿနာများလျေ့နည်းသွားစေရန်၊ နိုင်ငံစီးပွားရေးနှင့် အိမ်ထောင်စုအလိုက်အဆင့်တွင်ပါ တိုးတက်ပြောင်းလဲမှုရှိရေးတို့အတွက် ဖြေရှင်းလုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်လျက် မူဝါဒများကို ဆောင်ရွက်သွားမည်ဟုလည်းပြောခဲ့သည်။
ပူးတွဲမဲပေးရွေးချယ်ပွဲမကျင်းပမီ ဝန်ကြီးချုပ်လောင်းဆရက်သာအား ထောက်ခံမဲပေးရေးအတွက် အထက်လွှတ်တော်အမတ်များအကြား သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း ၎င်းအား အထက်လွှတ်တော်အမတ် ၁၅၂ ဦးက ထောက်ခံမဲပေးခဲ့ကြကြောင်းသိရသည်။ ယခင်အိမ်ခြံမြေလုပ်ငန်းရှင်ကြီးဖြစ်သော ဆရက်သာ က ပူးတွဲမဲပေးရွေးချယ်ပွဲတွင် စုစုပေါင်း ထောက်ခံမဲပေးသူ ၄၈၂ ဦး၊ ကန့်ကွက်မဲပေးသူ ၁၆၅ မဲ၊ မဲမပေးဘဲနေသူ ၈၁ ဦး နှင့် ပျက်ကွက်သူ ၁၉ ဦးဖြင့် လိုအပ်မဲ ၃၇၄ မဲထက် များစွာသာလွန်ခဲ့ကြောင်းလည်းသိရသည်။
Ref—-Khaosod