▪️ မဲပေးရ အဆင်ပြေဟု သိရ
၂၄. ၈. ၂၀၂၃
Written by Peya
မြန်မာအီလက်ထရောနစ် မဲပေးစက်ကို အရာထမ်း၊ အမှုထမ်းပေါင်း သုံးထောင်နီးပါးက လက်တွေ့ စမ်းသပ် မဲပေးခဲ့ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်သည့် အချက်အလက်များအရ သတင်း ရရှိကာ မဲပေးရသည်မှာ အဆင်ပြေကြောင်း စမ်းသပ် မဲပေးခဲ့သူ တစ်ဦးက MT News သတင်းဌာနကို ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Myanmar Electronic Voting Machine (MEVM) စက်များအား ဝန်ကြီးဌာနများသို့ သွားရောက်၍ သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ ဩဂုတ်လ ၂၃ ရက် အထိ ဝန်ကြီးဌာန ၁၆ ခု၌ အရာထမ်း၊ အမှုထမ်းပေါင်း ၂,၉၈၈ ဦး လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန မင်္ဂလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းလည်း စမ်းသပ်မဲပေးခဲ့သည်။
အဆိုပါ နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၉၄)ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၃၂၁) ဦး တက်ရောက်ကာ မဲပေးစက်ဖြင့် လက်တွေ့ ဆန္ဒမဲပေးကြကြောင်းလည်း သိရသည်။
“မဲပေးရတာက အရင်ထက်တော့ ပိုပြီး မြန်သွားလိမ့်မယ်ဗျ။ ကျွန်တော် တွေ့ခဲ့ရ သလောက်ဆိုရင် ကိုယ် မဲပေးရမယ့် ပါတီကို မျက်မြင် တွေ့ပြီးတော့မှ မဲပုံးထဲ ရောက်သွားတာဖြစ်လို့ စိတ်ချ ယုံကြည်ပြီး မဲပေးလို့ ရတယ်ဆိုတာ တွေ့ရတယ်။ ပြောရမယ်ဆိုရင် အဆင်ပြေတယ်။ နောက်ပြီး စက် error တက်တာမျိုးလည်း မတွေ့ဘူး။ တော်တော်လေးကို အဆင်ပြေပြီး အဆင့်မြင့်သွားတဲ့ အနေအထား တစ်ရပ် ဖြစ်ပါတယ်” ဟု အဆိုပါ စက်တွင် စမ်းသပ်မဲပေးခဲ့ဖူးသူ အမှုထမ်းတစ်ဦးက MT News သတင်းဌာနကို ပြောသည်။
မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) စနစ်ကို အစိတ်အပိုင်း သုံး ခုဖြင့် ဖွဲ့ စည်းတည်ဆောက်ထားပြီး ယင်းတိုမှာ ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ပြီး မဲပေးရာတွင် မဲရုံ၌ မဲဆန္ဒရှင်ပြည်သူများက မဲလက်မှတ် အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်ရှိ မိမိနှစ်သက်ရာ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် တစ်တန်းတည်းရှိ ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ပြီး မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဖြစ်သည်။