September 13, 2024

ထွက်ပြေးသော ဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေး သမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက် စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း ကြေညာ

၂၄. ၈. ၂၀၂၃
Written by Nay Moe

NUG နှင့် KNLA တို့ဖြင့်ပူးပေါင်းကာ Drone သင်တန်းများ ပို့ချပေးပြီး တ်ိုက်ပွဲများဆင်နွှဲနေသော FFD ဒရုန်းတပ်မှ တပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထိုဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက်စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း FFD (Force For Federal Democracy) အဖွဲ့က ကြေညာထားသည်။

SAC ထံ အလင်းဝင်သွားသည်ဟု သိရှိရသော ထိုဆရာဝန်နှစ်ဦးသည် ဩဂုတ် ၂၁ ရက်နေ့တွင် FFD တပ်ဖွဲ့ မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။

ထို့ကြောင့် FFD ဒရုန်းတပ်မှ PDF ဆရာဝန် ၂ ဦးဖြစ်သည့် ဒေါက်တာစိုးထက်နှင့် ဒေါက်တာဟန်ထက်တို့ ၂ ဦးသည် အလုပ်တာဝန်ကို အကြောင်းပြပြီး၊ လုပ်ပိုင်ခွင့်များကို အသုံးချကာ အဖွဲ့ကို သစ္စာဖောက်ပြီး ထွက်ပြေးသွားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ FED တပ်ဖွဲ့၏ ဦးတည်ချက်များထဲတွင် တိုင်းရင်းသားများ၏ လူနေမှု အဆင့်အတန်းနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ တိုးတက်လာရေးဟူသော တစ်ချက်အပါအဝင်ဖြစ်သည်။ ထို့အတွက် FFD တပ်ဖွဲ့မှ တိုင်းရင်းသားလူငယ်များကို အခြေခံဆေးပညာ တက်မြောက်ရေးရည်ရွယ်ချက်ဖြင့် သင်တန်းများသင်ကြားပေးနေစဉ် ၄င်းသင်တန်းကို အခွင့်ကောင်းယူ၊ ခုတုံးလုပ်၍ ယခုလို ပြုလုပ်သွားခြင်းဖြစ်သည်။ ယခုလို အရှိန်အဟုန်မြင့်နေသော တော်လှန်ရေးကာလအတွင်းတွင် ဤကဲ့သို့ ဖောက်ပြန်သောလုပ်ရပ်သည် တော်လှန်ရေးအပေါ် ဖောက်ပြန်ရုံသာမက တိုင်းရင်းသားများ၏ ယုံကြည်မှုကိုပါ ပျက်ပြားစေနိုင်သော လုပ်ရပ်ဖြစ်သည့်အတွက် ကျွန်ုပ်တို့ FFD တပ်ဖွဲ့သည် မည်သည့် အကြောင်းပြချက်နှင့်မျှ လက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် ဒေါက်တာစိုးထက် နှင် ဒေါက်တာဟန်ထက် ၂ ယောက်စလုံးကို ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်များဟု သတ်မှတ်ပြီး နာမည်ပျက်စာရင်းသွင်း၍ အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း ကြေငြာလိုက်သည်ဟု FFD ဒရုန်းတပ်၏ ထုတ်ပြန်ချက်က ဆိုသည်။

“ကျွန်တော်တို့ စခန်းက ဆရာဝန် ၂ ယောက် သစ္စာဖောက်ထွက်ပြေးတဲ့ ကိစ္စဖြစ်လာပြီဆိုတော့ ကျွန်တော့ ခေါင်းထဲ အရင်ဆုံးဝင်လာတာက ကျန်တဲ့ ရဲဘော်တွေတော့ စိတ်ဓာတ်ကျတော့မှာပဲ။ စိတ်အားငယ်တော့မှာပဲ ဆိုတဲ့ အတွေးပဲဖြစ်တယ်။ သို့ပေမယ့် သေသေချာချာ ပြန်စဥ်းစားကြည့်တဲ့အခါမှာတော့ တော်လှန်ရေးသမားတွေ ဖြစ်လာပြီဆိုရင် ဒီလို သစ္စာဖောက်တယ် ဖောက်လွှဲတယ် ဖောက်ပြန်တယ်ဆိုတာကတော့ ကြုံလာနိုင်တဲ့ ကိစ္စတွေပဲ ဖြစ်တယ်။ သမိုင်းဖြစ်ရပ်တွေကိုပဲ ကြည့်ကြည့် ဒါမျိုးသာဓကတွေ များစွာတွေ့နိုင်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ တော်လှန်ရေးစိတ်ဓာတ်၊ ခံယူချက်ဟာ ဒီလို လူ့လောက်ကောင် ဖောက်ပြန်ရေးသမားတွေ ကြောင့် ပြောင်းလဲသွားမှာလား ယိမ်းယိုင်သွားမှာလားဆိုတာကို စဥ်းစားတတ်ဖို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလိုအဖြစ်တွေကို ပြည်သူတွေ သိရင်၊ ရဲဘော်တွေ သိရင် စိတ်ဓာတ်ကျသွားမှာတွေ၊ ငါတို့တော်လှန်ရေး ယိမ်းယိုင်နေပြီပဲဆိုတဲ့ အတွေးမျိုးတွေ ဝင်သွားနိုင်တယ်ဆိုပြီး ပေးမသိဘဲ ဖုံးဖိထားမယ့်အစား၊ အဖြစ်မှန်ကို အမှန်အတိုင်း အသိပေးပြီး ရှေ့ဆက်သွားနိုင်အောင် လုပ်ရမှာပဲဖြစ်ပါတယ်”ဟု FFD က ဆိုသည်။

FFD ဒရုန်းတပ်ဖွဲ့သည် ၂၀၂၁ မတ်လကတည်းက ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပြီး လက်ရှိတွင် NUG ဩဇာခံကာ KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် လှုပ်ရှားနေသော PDF Drone တပ်ဖြစ်ကာ အခြားသော PDF တပ်များကိုလည်း Drone အထူးသင်တန်းများ ဖြန့်ဝေပေးနေသည်မှာ ၂၀၂၃ မေလတွင် သင်တန်းလေးခုပြီးမြောက်ထားပြီး KNLA၊ PDF၊ ကလလတ-KNPLF၊ KA စသည့်တပ်များနှင့်လည်းပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေသည့်အဖွဲ့ဖြစ်သည်။

လတ်တလောတွင် PDF များမှာ NUG ၏ စစ်စခန်းများမှထွက်ပြေးကာ SAC ထံ အလင်းဝင်မှုများပြားလာနေပြီး ထိုသို့ FFD ဒရုန်းတပ်မှ ဆရာဝန်နှစ်ဦးမှာလည်း SAC ထံ အလင်းဝင်သွားသည်ဟု ကြားသိရသည့်အတွက် FFD ဒရုန်းတပ်အနေဖြင့် လုံခြုံရေးအရ ထိခိုက်မှုရှိမရှိ MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားကာ ထပ်မံသိရှိရသည်များကို ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *