၂၃. ၈. ၂၀၂၃
Written by Ye Kyaw
ကုန်စည်အဝင်/အထွက် မျှတမှုရှိ-မရှိနှင့် ဝိသမလောဘသားများ၏ ဈေးကစားမှု ရှိ-မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဩဂုတ်လ ၂၃ ရက်တွင် ပြလုပ်သည့် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေး၌ ပြောကြားခဲ့သည်။
ကုန်စည်အဝင်/အထွက် မျှတမှု ရှိ - မရှိနှင့် ဝိသမလောဘသမားများ၏ ဈေးကစားမှု ရှိ - မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင် စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
လက်ရှိဆန်ဈေး၊ စားအုန်းဆီဈေးနှုန်းများ မြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ် လေ့လာပြီး ထိထိရောက်ရောက် စီမံကြပ်မတ်ဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။
“ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ လက်တွေ့ကျပြီး အမှန်တကယ် ထိရောက်အကျိုးရှိမယ့် နည်းလမ်းများကို အသုံးပြုပြီး သက်ဆိုင်ရာကော်မတီတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမယ်” ဟု ဦးဝင်းရှိန်က ပြောကြားသည်။
ထို့ပြင် ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့် ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။