◾ မအေးငြိမ်းသူကို သတ်ဖြတ်ခဲ့သူ ခုနစ်ဦးမှာ Monywa Force PDF အဖွဲ့ဖြစ်သည်ကို ဖျောက်ဖျက်ထားပြီး သတင်းပေးမမီစံကိုလည်း အရေးမယူဘဲ သတင်းထုတ်ပြန်
၂၄. ၈. ၂၀၂၃
Written by Nay Moe
မုံရွာမြို့တွင် ဖြစ်ပွားခဲ့သော မွေးဖွားလုနီးကိုယ်ဝန် ဆောင်မအေးငြိမ်းသူကို လုယက်သတ်ဖြတ်ခဲ့သည့် PDF ခုနစ်ဦးကို အရေးယူမည်ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့သော်လည်း ထိုကြေညာချက်တွင် မအေးငြိမ်းသူကို သတ်ဖြတ်ခဲ့သူ ခုနစ်ဦးမှာ Monywa Force PDF အဖွဲ့ဖြစ်သည်ကိုမူ ဖုံးကွယ် ဖျောက်ဖျက်၍ သတင်းထုတ်ပြန်ခဲ့သည်။
ထို့အတူ ကိုယ်ဝန်ဆောင်မအေးငြိမ်းသူတို့ မိသားစုကိုလုယက်သတ်ဖြတ်ရန် သတင်းပေးလက်ထောက်ချခဲ့သည့် မမီစံဆိုသည့် အမျိုးသမီးကိုလည်း အရေးယူခြင်းမရှိဘဲ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
NUG လက်အောက်ခံ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီက ဩဂုတ် ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် ဩဂုတ် ၁၀ ရက် နေ့လယ် ၃ နာရီခန့်က မုံရွာမြို့ ၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ နယ်မြေ ( ၄ ) တွင်လက်နက်ကိုင်လူတစ်စုမှ ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူအား သတ်ဖြတ်ကာ ဓားပြတိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ ထိုအမှုအခင်းကိစ္စနှင့် ပတ်သတ်၍ နစ်နာသူများနှင့် ပြည်သူတို့ စိတ်နှလုံးမချမ်းမြေ့ဖွယ် ကြုံတွေ ခံစားခဲ့ကြရသည်။
အချင်းဖြစ်ကိစ္စအား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ မြေပြင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကျူးလွန်သူများအား လက်ရဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ လူသတ်ဓါးပြတိုက်သည့် အမှုအခင်းနှင့် ပတ်သတ်၍ ကျူးလွန်သူများ ဖြစ်ကြသော ၁။ ကျွဲကြီး ( ခ ) ဘိုငွေ ၊ ၂။ ပြုံးကြီး ( ခ ) ကျော်စိုး ထွန်း ၊ ၃။ အောင်ကြီး ( ခ ) အောင်မြင့်ခိုင်၊ ၄။ ဘဂျမ်း ( ခ ) ကျော်သူစံ ၊ ၅။ တက်တူး ( ခ ) မိုးမင်းထက် ၊ ၆။ ကရင် (ခ) အောင်ဆန်းဦး ၊ ၇။ ကျားလေး (ခ) ဝင်းမင်းထက် တို့အား နေ့တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့မှ အမှုတည်ဆောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၅ / ၃၉၆ /၃၉၇ အရ တရားစွဲဆိုတင်ပို့ခဲ့ပြီး ရာဇဝတ်ကြီး အမှုအမှတ် ၂၉ / ၂၀၂၃ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလူသတ်ဓားပြတရားခံတွေကို စစစ်ကတည်းက လက်ထောက်ချတဲ့ မမီစံဆိုတဲ့အမျိုးသမီးနာမည်ကို အားကူး(လူသတ်တရားခံများကို ဖမ်းဆီးရိုက်နှက်သည့် မုံရွာ Gurdian Force PDF ခေါင်းဆောင်) က အပြောမခံတာ။ အခု သတင်းထုတ်ပြန်တော့လည်း ကြံရာပါ မမီစံကို အရေးယူတာမတွေ့ရသလို လူသတ်ဓားပြတိုက်တဲ့ခုနစ်ယောက်က Monywa Force PDF အဖွဲ့ဆိုတာလည်း ဖျောက်ဖျက်ထားတယ်။ ဒါတွေက တကယ်အရေးမယူဘဲဟန်ပြပဲလုပ်နေသလား တွေးစရာပါ” ဟု ထိုဖြစ်စဥ်ကို သိရှိသူတစ်ဦးက မေးခွန်းထုတ်ထားသည်။ ထို့အတူ မုံရွာပအဖ၏ ထုတ်ပြန်ချက်အောက်တွင်လည်း လက်ထောက်ချသူအမျိုးသမီးကို အရေးယူရန်တောင်းဆိုမှုများရှိသကဲ့သို့ NUG တရားရုံး မည်သည့်နေရာတွင်ရှိသနည်းဟုလည်း မေးခွန်းထုတ်နေကြသည်။
မွေးဖွားရန် ရက်ပိုင်းအလိုတွင် PDF ဓားပြများ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရရှာသူ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်နှင့် သားငယ်ကို ဩဂုတ်လ ၁၂ ရက်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။ ဩဂုတ်လ ၁၀ ရက်တွင် PDF ဓားပြများ၏ ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အဆိုပါ အမျိုးသမီးငယ် မအေးငြိမ်းသူ သေဆုံးသွားရခြင်း ဖြစ်ကာ ကလေးငယ်ကို ခွဲထုတ်ကာ ကယ်ဆယ်ရန် ကြိုးပမ်းသော်လည်း မိခင်ရော ကလေးပါ သေဆုံးသွားရခြင်း ဖြစ်သည်။ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် မုံရွာမြို့ရှိ မြို့မ သုဿာန်သို့ ပို့ဆောင်ကာ ဂူသွင်းသင်္ဂြိုလ်ခဲ့ပြီး ကရုဏာသက်၍ လာရောက်ပို့ဆောင်ကြသူများဖြင့် စည်ကားခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ- နွေဦးလူငယ်အင်အားစု