၂၃. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေများသည် နိုင်ငံတကာသတင်းမီဒီယာများဖော်ပြနေသလို ဆိုးရွားမှုမရှိကြောင်း၊နိုင်ငံ တကာမီဒီယာများ ဖော်ပြနေသလိုမျိုးမဟုတ်ဘဲ နိုင်ငံတကာမီဒီယာများ၏ ရေးသားဖော်ပြချက်များ မှန်ကန်မှုမရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဝန်ကြီးဦးအောင်နိုင်ဦးသည် ပြီးခဲ့သောရက်ပိုင်းတွင် တရုတ်နိုင်ငံအခြေစိုက် မီဒီယာလုပ်ငန်းဖြစ်သော Phoenix Global Observer Group နှင့် အင်တာဗျူးအစီအစဉ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းမှုများအပေါ် ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက “မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ရင် နိုင်ငံ တကာမီဒီယာတွေမှာ ဖော်ပြတာတွေက တော်တော်မှားနေတဲ့သတင်းတွေအများစု ပါဝင်နေတယ်။ အချို့က အသေးအမွားဖြစ်စဉ်ကို အကြီးကြီးဖြစ်အောင် ပုံကြီးချဲ့ပြီး ထုတ်လွင့်နေတဲ့ မီဒီယာတွေလည်းရှိပါတယ်။ အဓိက,ကတော့ မြန်မာနိုင်ငံလက်ရှိအစိုးအရအပေါ် ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေရဲ့ သတင်းအရင်းမြစ်တွေကနေပြီးတော့ ထုတ်ပြန်နေတဲ့သတင်းတွေကို နိုင်ငံတကာက ထပ်ဆင့်ထုတ်လွှင့်နေတာဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့မြောက်ပိုင်းအခြေအနေက နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြနေသလိုမျိုး ဆိုးရွားတဲ့အခြေနေမျိုး မဟုတ်ပါဘူး။ အားလုံးက အန္တရာယ်ကင်းစွာနဲ့ လုံလုံခြုံခြုံနဲ့ တစ်နေရာနဲ့တစ်နေရာ သွားလာနိုင်နေတယ်။ သို့သော်လည်းပဲ ရံဖန်ရံခါ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့တိုက်ပွဲဖြစ်ပွားတဲ့ ဖြစ်စဉ်အချို့တော့ရှိပါတယ်။ ဒါကလည်း လက်ရှိ နိုင်ငံတော်အစိုးရအနေနဲ့ သွားချင်တဲ့၊ တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အောင်မြင်အောင်သွားဖို့ဖြစ်တဲ့အတွက်ကြောင့်မို့ သဘောထားကြီးကြီး၊ စိတ်ရှည်ရှည်နဲ့ ကျွန်တော်တို့က ဆောင်ရွက်နေတဲ့အနေထားဖြစ်ပါတယ်။ မြောက်ပိုင်းနဲ့ပတ်သက်တဲ့အနေအထားက ကျွန်တော်တို့ဝန်ထမ်းတွေ သွားလာနေတာပါ။ ဘာမှအခက်အခဲပြဿနာမရှိပါဘူး။ နိုင်ငံတကာမီဒီယာတွေရဲ့ ချဲ့ကားထုတ်လွင့်မှုလို ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ အဆွေတော်တို့လည်း မြန်မာနိုင်ငံကို တကယ်လာရောက်ပြီးကြည့်လို့ရှိရင် တကယ်အမှန်တရားက ဘာလဲဆိုတာကို သိသွားမှာဖြစ်ပါတယ်” ဟုပြောသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာအစိုးရအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားမှုများကို လုံးဝလက်မခံကြောင်း၊ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဝန်ကြီးဦးအောင်နိုင်ဦးက “အချို့ဒေသတွေမှာက အစိုးရရဲ့အုပ်ချုပ်မှုအောက်မရှိတဲ့ဒေသတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေပြုတဲ့ဒေသတွေမှာ အွန်လိုင်းနဲ့ပတ်သက်ပြီးတော့ လိမ်လည်လှည့်ဖြားမှုလုပ်တယ်ပေါ့နော်။ အစိုးရက ဒါကို လုံးဝလက်မခံဘူး။ကျွန်တော်တို့အစိုးရက ဒါနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူတယ်။ နောက်တစ်ခုက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေထဲမှာ ဒီသတင်းမျိုးကြားရတယ်ဆိုရင်လည်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကို အကြောင်းကြားပြီးတော့ ဒါတွေကိုလက်မခံဖို့လုပ်တယ်။ ဒီကာလတွေမှာ အချို့ အွန်လိုင်းနဲ့ပတ်သက်တဲ့ လိမ်လည်တဲ့လုပ်ငန်းတွေရဲ့ လူကုန်ကူးခံရသူတွေရှိပါတယ်။ အခြားနိုင်ငံသားတွေပေါ့။ ဒါကိုလည်း ကျွန်တော်တို့အစိုးရက ရအောင်ကယ် တင်ပေးတယ်။ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ပေးတယ်။ အွန်လိုင်းအသုံးပြု လိမ်လည်လှည့်ဖြားတာက ဥပဒေကို ဆန့်ကျင်တဲ့လုပ်ငန်းဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ဥပဒေကလည်း ဒါကိုလက်ခံမထားဘူး။ ကျွန်တော်တို့လူမျိုးတွေရဲ့စရိုက်ကိုက လိမ်လည်လှည့်ဖြားတာကို မကြိုက်ဘူး။ ဒါကို မကြိုက်တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အစိုးရကလည်း ဒါကိုလက်မခံဘူး။ မြန်မာပြည်သူလူထုကလည်း လက်မခံဘူး။ ဒါကို ထိထိရောက်ရောက်တားမြစ်ပြီးတော့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်နေပါတယ်” ဟုပြောသည်။
Ref- — Phoenix Global