၂၃.၈.၂၀၂၃.
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံ၏ ကတ်နိုပါလန်နှင့်အော့ဆာကာ မြို့နှစ်ခုကိုဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးပေါ်တွင် ဩဂုတ် လ ၂၂ ရက်က ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၆ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ဘတ်စ်ကားက ဒေသခံများနှင့် ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာခြင်းဖြစ်ကာ နောက်တွဲပါ ကုန်တင်ယာဉ်တစ်စီးနှင့် အော့ဆာကာနှင့် ပျူဘလာမြို့များအကြားတွင် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းဟုလည်း သိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများတွင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးတို့ပါဝင်ပြီး ၎င်းတို့တွင် ကလေးတစ်ဦးပါကြောင်း၊ ဒဏ်ရာရရှိသူများကို ပျူဘလာပြည်နယ်ရှိ ဆေးရုံများသို့ တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တစ်ခုက ဆိုသည်။
ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေ။ သို့သော် မက္ကဆီကိုနိုင်ငံတွင် ထိုကဲ့သို့ပင် ရွှေ့ ပြောင်းနေထိုင်သူများ ခရီးသွားလိုက်ပါသည့် မော်တော်ယာဉ်များက ယခင်ကလည်း အလားတူ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။
၎င်းက အမေရိကန်နယ်စပ်သို့ ရောက်ရှိရန်သွားလာနေကြသော ရွှေ့ပြောင်းနေထိုင်သူများအဖို့ နိုင်ငံတစ်ဝန်းခရီးသွားကြရာတွင် အန္တရာယ်နှင့်ရင်ဆိုင်နေရခြင်းကို မီးမောင်းထိုးပြနေခြင်းဟုလည်း ဆိုကြသည်။
ပျူဘလာပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ဒဏ်ရာရရှိသူများအား အကောင်းဆုံးထောက်ပံ့မှုပေးနိုင်ရန် ပြည်နယ်အာဏာပိုင်များက ပြည်ထောင်စုအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။
Ref—-CNN