၂၃.၈.၂၀၂၃
Written by Thuta Zaw
၎င်းကို ပြည်သူများက ယုံကြည်ကိုးကွယ်သူဆိုသောစကားမှာ မခံချင်စိတ်တစ်ခုအတွက် ပြည်သူနှင့် ၎င်းကြား သွေးခွဲလိုက်ခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပန်ဆယ်လိုကို တုံ့ပြန်ပြောကြားလိုက်ကာ MOD နှင့် ပတ်သက်၍ ရရှိသော ငွေကြေးများကို ရှင်းလင်းနိုင်ပြီး ဗရမ်းဗတာပြောခြင်းကို မကြိုက်ကြောင်းလည်း ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် Live အတွင်း ထည့်သွင်းပြောကြားထားသည်ကို တွေ့မြင်ရသည်။
အဖွဲ့တစ်ခု၏ ခေါင်းဆောင်၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် လူသိများတဲ့ပုဂ္ဂိုလ်တစ်ယောက်ရှိကာ ၎င်းကို ယုံကြည်ကိုးကွယ်သော ပြည်သူများစွာရှိကြောင်း ၎င်း၏အဖွဲ့ကို NUG ၏ MOD အထောက်အပံ့ဖြင့် ရပ်တည်နိုင်စေရန် ရန်ပုံငွေအရ အပြည့်အဝ ထောက်ပံ့နိုင်စွမ်းမရှိသော်လည်း အထောက်အပံ့ပေးကြောင်း၊ သို့သော် မရဟုသာ ပြောနေကြောင်း၊ MOD ကို မေးကြည့်သည့်အခါ ထောက်ပံ့ကြောင်း၊ ရန်ပုံငွေအရ အဆိုပါတစ်ဖွဲ့တည်းရှိခြင်း မဟုတ်သောကြောင့် လိုချင်သည့်အတိုင်း မထောက်ပံ့နိုင်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ထားသည့် မှတ်တမ်းများရှိသည်ဟု ပြောကြောင်း စသည်ဖြင့် ပန်ဆယ်လိုက ရေးသားထားခြင်းကို တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
“သူ့ကို ယုံကြည်ကိုးကွယ်တဲ့လူတွေ အများကြီးရှိတယ်တဲ့။ လူသားကို လူသားအချင်းချင်း ယုံကြည်ကိုးကွယ်တယ် ဆိုတာမှာ တစ်ခါတစ်ရံ ဘုရားလို၊ ရဟန္တာလို၊ ဘာသာရေး ခေါင်းဆောင်တွေလိုမှ မဟုတ်ရင် ကိုးကွယ်တယ်ဆိုတဲ့စကား အသုံးခံရရင် ကျွန်တော်တို့ ပြည်သူတွေကြားမှာ ဒါက ရင့်သီးတယ်လို့ အဓိပ္ပာယ်ပေါက်တယ်။ အဲ့ဒီပုဂ္ဂိုလ်နဲ့ ပြည်သူကြားမှာ ခံစားချက်တွေ ဆိုးရွားသွားစေတဲ့ အဓိပ္ပာယ်ပေါက်စေတယ်။ အဲ့ဒါကို ရည်ရွယ်ပြီး ပြောတာ။ ပြည်သူတွေကို စော်ကားတာပဲ။ တည့်တည့်ပြောရရင်။ ကျွန်တော်ပြောတာ မှန်တယ်ထင်လို့ သူတို့ဘာသာ အမှန်တရားကို ရှာဖွေရပ်တည်သူတွေကို ယုံကြည်ကိုးကွယ်တဲ့ ပြည်သူတွေ အများကြီးရှိတယ် ဆိုပြီးတော့ ပြည်သူအများစုကိုလည်း ဒီစကားလုံးသုံးပြီး စော်ကားတယ်။ အမှန်တော့ မခံချင်စိတ်တစ်ခုနဲ့ ပြည်သူနဲ့ ကျွန်တော့်ကြားမှာ သွေးခွဲလိုက်တဲ့ စကားမျိုးပေါ့” ဟု ဗိုလ်နဂါးက ဆိုသည်။
၎င်းကို ပြောလိုပါက အချက်အလက် အထောက်အထားဖြင့် လာရှင်းရန်လည်း ဗိုလ်နဂါးက Live တွင် ထည့်သွင်းပြောကြားထားသည်။
“အခု ငွေကြေးနဲ့ ပတ်သက်ပြီး အဲ့ဒီအမျိုးသမီးကော ၂၀၂၁ ကနေ ၂၀၂၂ အထိ ကျွန်တော်ပြောသလို ကျွန်တော်နဲ့ ပတ်သက်ပြီး ဝင်ထားတဲ့ အချက်အလက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတယ်ဆိုရင် ကျွန်တော့်ဆီလာခဲ့။ NUG က ဘယ်ဟာ ပေးတယ်။ ဘယ်ဟာ ထောက်ပံ့တယ် အဲ့ဒါက ဘယ်မှာ ထောက်ပံ့တယ်ဆိုတာ အချက်အလက်နဲ့ ရှင်းပြလိုက်မယ်။ လာခဲ့ ဗရမ်းဗတာ ပြောနေတာ ကျွန်တော်မကြိုက်ဘူး” ဟု ဗိုလ်နဂါးက ဆိုသည်။
ပန်ဆယ်လို ရေးသားချက်တွင် MOD ၏ ထောက်ပံ့မှုမရဟု ပြောနေသည်ဟု ဆိုခြင်းမှာလည်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော် ပြောခဲ့တဲ့ ကာလတစ်လျှောက်ကို ကြည့်လိုက်။ MRDA ကို ထောက်ပံ့ဖို့ချည်းပဲ ပြောတာ မဟုတ်ဘူး။ မြေပြင်က အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့လည်း ပြောတယ်။ ကျွန်တော်တစ်ကိုယ်ကောင်းသမား မဟုတ်ဘူး။ ကျွန်တော့်ပြောရုံနဲ့လည်း ပါးစပ်ပိတ်မသွားဘူး။ ကျွန်တော့် ပါးစပ်ကို ခွံလိုက်ရုံနဲ့လည်း ဖုံးပေးထားမယ့်အထဲ မပါဘူး။ ၂၀၂၁ အစောပိုင်းမှာ အတန်တန်ပြောတယ်။ အဲ့ဒီလို ပြောလို့ပဲလား သူတို့အစီစဉ်နဲ့ သူတို့ပဲလားတော့ မသိဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ ဒေသ အတော်များများမှာ အထောက်အပံ့တွေ ရလာတယ်။ ထိုက်သင့်အားလျော်စွာ ရောက်လာတဲ့အချိန် NUG က မပေးပါဘူး MOD က မပေးပါဘူးဆိုတဲ့ စကားတွေလည်း ကျွန်တော် သိပ်မပြောတော့ဘူး။ အားလုံးအတွက် ပြောခဲ့တာ။ မြေပြင်မှာ ပေးလာတာရှိတော့ အားမရသည့်တိုင် ကျွန်တော် အဲ့ဒီအကြောင်းအရာတွေကို ထိန်းပစ်တယ်”ဟု ၎င်းက ပြောသည်။