၂၃. ၈. ၂၀၂၃
Written by Min Mahar
မြင်းခြံမြို့နယ်တွင် ယမန်နေ့ နေ့လည်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လှည်းကင်းစစ်ဆေးနေစဉ် ဆိုင်ကယ်များထားပြီး အစစ်ဆေးမခံဘဲထွက်ပြေးသည့် အမျိုးသား ၃ ဦးကို လိုက်လံပစ်ခတ်ဖမ်းဆီးရာ တစ်ဦးအသေဖမ်းမိကာ ဆိုင်ကယ်တူးဘောက်ထဲမှလည်း လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ၍ သိမ်းဆည်းပြီး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ် ၂၂ ရက်) နေ့လည် ၁ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာနှင့် တပ်ရွာကျေးရွာကြားတွင် ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များမှ လှည်းကင်းစစ်ဆေးနေစဉ် မသင်္ကာဖွယ်ရာ အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် တပ်ရွာကျေးရွာဘက်မှ မောင်းနှင်လာသည်ကို တွေ့ရှိသည့်အတွက် ရပ်တန့်ရန်တားမြစ်စဉ် ဆိုင်ကယ်များအားထားခဲ့ပြီး ၎င်းအမျိုးသား ၃ ဦးသည် တပ်ရွာကျေးရွာ အနောက်တောင်ဘက်သို့ ထွက်ပြေးသွားသည့်အတွက် လိုက်လံပစ်ခတ်မမ်းဆီးရာ တစ်ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့စီးလာသော ဆိုင်ကယ်တူးဘောက်အတွင်း ဖွင့်လှစ်စစ်ဆေးခဲ့ရာတွင်လည်း PVC ပိုက်ဖြင့် ပြုလုပ်ထားသော အရှည် ၆ လက်မခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊ ဝါယာကြိုး ၂၅ ပေခန့် ၁ ခွေ၊ ဆိုင်ကယ်ဘတ္ထရီအိုး ၂ လုံးနှင့် ဆိုင်ကယ် ၂ စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရရှိခဲ့သော လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားရာအနီးတွင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး သေဆုံးသူ၏အလောင်းအား ညနေ ၄ နာရီတွင် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်းနှင့် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲကင်းစခန်းတွင်လည်း သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။