၂၃.၈.၂၀၂၃
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ၁၃ ကြိမ်မြောက် ဆန်၊ ဆီ၊ စားသောက်ကုန်တချို့ ရုပ်ရှင်လောကသားတွေကို လှူဒါန်းထုတ်ဝေပေးသွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၃ လတစ်ကြိမ် လှူဒါန်းမှုတွေလုပ်ဖြစ်ခဲ့တယ်။ ကိုယ့်လောကသားတွေ ဒီလိုကာလမှာ လူတိုင်းအခက်အခဲဖြစ်နေတယ်။ ဒီလှူဒါန်းမှူက အထောက်အကူရတယ်ဆိုပြီး လှူဖြစ်တာပါ။ ဒီတစ်ကြိမ်က လှူဒါန်းမှုကာလ နည်းနည်းခြားသွားတယ် ၅ လနီးပါးနေမှ တစ်ကြိမ်လှူဖြစ်သွားတယ်။ စိတ်မကောင်းတော့ ဖြစ်ရတယ်။ ခုချိန်မှာ ဆန်တွေက စျေးတက်နေချိန်မို့ ပေးလိုက်ရင် ဝမ်းသာကြမှာပါ။ ကြိုးစားပြီးလည်း လှူဖို့လုပ်နေတာပါ။ ဆန်ကတော့ အဆင်ပြေသွားပြီး ကြက်သွန်နီနဲ့ ဆီပေးဖို့ရှိပါတယ်”လို့ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
အဆိုပါလှူဒါန်းမှူမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (မန္တလေး)ရဲ့ အမှူဆောင် ကိုသိန်းရွှေက ကြက်သွန်နီ ၅ အိတ်၊ သရုပ် ဆောင် ဆောင်းအိန္ဒြေထွန်းက ကြက်သွန်နီ ၂ အိတ်ပါဝင် လှူဒါန်းကြတယ်လို့ သိရပါတယ်။ အစည်းအရုံးက ထောက်ပံ့ဝေငှမယ့်ရက်တွေကို ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ အုပ်ချုပ်အလွှာနဲ့ ဖြန့်ချိအလွှာ၊ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ ဗီဒီယိုအလွှာ၊ အဓိကသရုပ်ဆောင်အလွှာနဲ့ ဒါရိုက်တာအလွှာ၊ ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ ဇာတ်ညွှန်းအလွှာနဲ့ တည်းဖြတ်အလွှာ၊ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ ပြဇာတ်နောက်ခံတေးဂီတအလွှာနဲ့ ထုတ်လုပ်သူ အလွှာ၊ ဩဂုတ် ၃၀ ရက် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ စက်မှုအလွှာ (၇၀၀၁ – ၇၄၇၇)၊ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ စက်မှု (၇၄၇၈ – ၇၉၅၄)၊ ဩဂုတ် ၃၁ ရက် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ ဇာတ်ပို့/ဇာတ်ရံအလွှာ (၄၀၀၁-၄၅၀၀)၊ နေ့လည် ၁နာရီကနေ ညနေ ၃ နာရီခွဲအထိ ဇာတ်ပို့/ဇာတ်ရံအလွှာ (၄၅၀၁ – ၄၉၉၉) တို့ကို ထုတ်ဝေပေးသွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ဆန်က ချက်စားရတာ အဆင်ပြေအောင်အကောင်းလေးပေါ့။ တစ်ဦးကို ၆ ပြည်နှုန်းပေးမယ်။ စားသောက် ကုန်တွေကတော့ တစ်လှည့်ပြီးတစ်လှည့် ပြောင်းပေးတယ်။ ငါးသေတ္တာကျတော့ တစ်နပ်၊ နှစ်နပ်နဲ့ ပြီးသွားမှာရှိတယ်။ ကုလားပဲတို့ ကြက်သွန်တို့တော့ ကြာကြာလေး သုံးလို့ရအောင် စီစဉ်ပြီးတော့ ပေးဖြစ်ပါတယ်။ တခြားပါဝင်လှူဒါန်းသူတွေ ထပ်လှူရင်တော့ တခြားစားကုန်လေး ပါလာဦးမှာပါ”လို့ သူက ဆက်ပြောပါတယ်။
လာရောက်ထုတ်ယူသူ လောကသားတွေအနေနဲ့ ရုပ်ရှင်အစည်းအရုံးဝင်ကတ်ပြား သက်တမ်းတိုးထားသူတွေသာ ကိုယ်တိုင်လာထုတ်ယူရမယ်လို့ သိရပါတယ်။ အစည်းအရုံးဝင်ကတ်အနေနဲ့ တစ်လ ကျပ် ၂၅၀ နှုန်းနဲ့ ၂ နှစ်သက်တမ်းကို ငွေကျပ် ၆၀၀၀ နှုန်း ပေးသွင်းရတယ်လို့ ဆိုပါတယ်။