၂၃.၈.၂၀၂၃
Written by Peya
ပုဂံတွင် စက်ယန္တရားများဖြင့် ရေမြောင်းဖောက်လုပ်နေသည့် ကိစ္စနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည့်အပေါ် ထိုလုပ်ငန်းစဥ်မှာ စီမံချက်ချကာ ရေတို၊ ရေရှည် စီမံကိန်းပြုလုပ်ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုဖြစ်ကာ အများပြည်သူတို့၏ အလေးအနက် တန်ဖိုးထားခြင်းမှာလည်း အခြားသော ရှေးဟောင်းဒေသများထက် ခံရကြောင်းလည်း ၎င်းက ဆိုပြီး ယခုမြောင်းတူးဖော်မှုမှာလည်း စနစ်တကျတွက်ချက်လုပ်ဆောင်ထားခြင်းဖြစ်ကာ ရှေးခေတ်ရေစီမံခန့်ခွဲရေးအီတလီပညာရှင်၏ အကြံပြုချက်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ် သည်ဟုလည်း ရှင်းပြသည်။
“ပုဂံမှာ ရေတွေကြီးတော့ ရေတွေကြီးလိုက်တာ ဘုရားတွေ ပျက်ကုန်မှာပေါ့၊ ရေမြောင်းတွေ မဖောက်ဘူးလား၊ အဲ့ဒီဌာနကဘာလုပ်နေတာလဲ အပြစ်တင်ကြပါတယ်။ အခုအရေးပေါ်တုံ့ပြန်မှုအတွက် စီမံချက်ချအကောင်အထည်ဖော် ရေတို၊ ရေရှည် စီမံကိန်းပြုလုပ်၊ ဒါ့အပြင် ဌာနထဲက နိုင်ငံခြားအခေါက်ခေါက်သွားလေ့လာနေကြတဲ့ အရာရှိတွေနဲ့ဖွဲ့စည်း၊ ရှေးခေတ်ရေစီမံခန့်ခွဲရေးအီတလီပညာရှင်ကိုပါ ငှားရမ်း Micro Topographic Survey လုပ်၊ ကွန်တို အင်တာဗယ် တစ်ဆယ်စင်တီမီတာအထိ Total Station တိုင်း၊ ဒီမြို့ရဲ့ Datum အမှတ် Sea Level ကိုတိုင်း၊ XYZ ယူ၊ GCP Ground Control Points တွေကိုထူထောင်၊ RTK Survey လုပ်၊ Drone နဲ့ Aerial Photo ရိုက်၊ DEM (Digital Elevation Model)တည်ဆောက်၊ Project ဧရိယာတစ်လျှောက် အမွေအနှစ်တွေ မထိခိုက်အောင် HIA (Heritage Impact Assessment) ပြုလုပ်ဆန်းစစ်၊ မြေပုံထွက်၊ ဆွေးနွေးမှုအကြိမ်ကြိမ်ပြုလုပ်၊ အီတလီပညာရှင် ၃ နှစ်ဆက်တိုက် ပုဂံကိုရောက်လာ၊ ဌာနက အဖွဲ့တွေနဲ့ ကွင်းဆင်းစစ်ဆေးတိုင်းတာ,တာ” ဟု ဦကျော်မျိုးဝင်းက ရှင်းပြသည်။
ကမ္ဘာ့အမွေအနှစ် Sites များတွင် အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက်လုပ်ပြီးလျှင် အမွေအနှစ်များအတွက် လက်ရှိလူမှုအဖွဲ့အစည်းဒေသခံများအတွက် အကျိုးရှိမည်ဆိုလျှင် စက်ယန္တရားအငယ်စား၊ အလတ်စားများနှင့် ဆောင်ရွက်ခွင့်ရှိကြောင်း၊ ထိုသို့ မလုပ်ရဟု တားမြစ်မထားကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ဒါကြောင့် ဆန်းစစ်မှုတွေအကြိမ်ကြိမ်ဆောင်ရွက်ပြီး လူနဲ့မနိုင်တဲ့နေရာတွေမှာ စက်ယန္တယားအသုံးပြုနိုင်ပါတယ်။ ဒါတွေကိုလည်း နှစ်နှစ်တစ်ခါတင်ရတဲ့ SOC (State of Conservation Report)မှာ တရားဝင်တင်သွင်းဖော်ပြသွားရပါတယ်” ဟု ပြောသည်။