MT News
Written By Thandar
Triple Six ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဟာသသရဲကားဇာတ်လမ်းပုံစံ “သရဲလေးကောင်” ရုပ်ရှင်ဇာတ်ကားကြီး Press Show ကို ဩဂုတ်လ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ ကျွန်တော်က သရဲကားကိုမှ ဟာသဆိုတဲ့အတိုင်း ရီဖို့ကောင်းအောင် လုပ်လိုက်တာပါ။ ဒရာမာဆိုလည်း ငိုစရာကောင်းအောင် လုပ်လိုက်တာပါ။ ဟာသက နည်းနည်းတော့ ခက်တယ်။ ကျွန်တော်က အပြင်မှာလည်း အေးဆေးနေတာဆိုတော့လေ။ ဒါပေမယ့် အများကြီး ကြိုးစား သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းတွဲ အနေနဲ့ MRTV -4 မှာ ဒါရိုက်တာမောင်သီ စီစဉ်တဲ့ ဟာသကျေးရွာ ရိုက်ဖူးတော့ အရမ်းတော့ စိမ်းမနေပါဘူး။ လူရွှင်တော် အကိုတွေနဲ့လည်း ချစ်ချစ်ခင်ခင်နေတဲ့အတွက် အရမ်းခက်ခဲတာ မရှိပါဘူး။ ဒီ ဟာသဇာတ်ရုပ်လေးဖြစ်အောင် ကြိုးစားထားလို့ ပရိသတ်တွေ အားပေးကြပါဦး”လို့ သရုပ်ဆောင် စည်သူဝင်းက ပြောပါတယ်။
ဒီဇာတ်ကားက မိုင်တိုင်တစ်ခုချင်းစီမှာ မထင်မှတ်ထားဘဲသေဆုံးသွားကြတဲ့ ဝိဉာဉ်တွေက ကားကြုံလိုက်စီးပြီး တစ်ရွာလုံးကို ဘယ်လိုမျိုးပတ်မွှေသွားမလဲဆိုတာကို ပရိသတ်တွေက ဟာသ,သရဲကားပုံစံ ရယ်မောရမယ့် ဇာတ်လမ်းအဖြစ် ဒါရိုက်တာ ပြည့်ဟိန်းသီဟက ပုပ္ပါးဒေသဘက်မှာ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
“ဒီဇာတ်ကားက ဆောင်းရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားဖြစ်လို့ ရင်လည်း အရမ်းခုန်ပါတယ်။ ဒီကားထဲမှာ အမှတ်တရကတော့ သရဲပူးတာပါပဲ။ အပြင်မှာလည်း ဆောင်း သရဲပူးတာ တခါမှ မမြင်ဖူးဘူးလေ။ ကိုယ့်စိတ်ထဲမှာ ထင်တဲ့အတိုင်း ပူးချလိုက်တာပါပဲ။ ပရိသတ်တွေကလည်း အားပေးကြပါလို့ပြောချင်ပါတယ်”သရုပ်ဆောင် ဆောင်းယွန်းစံက ပြောပါတယ်။
ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖြစ်တဲ့ လွှမ်းပိုင်၊ စည်သူဝင်း၊ ဂျိုကာ၊ မေမီကိုကို၊ ဆောင်းယွန်းစံ၊ မာမီသက် ၊ ပန်းသီး၊ ဖိုးသဲ၊ စံလင်း၊ စိုပြေ၊ အေးချမ်း၊ ဒိုပေါက်၊ အာလူး၊ ပေါက်စီ၊ ဝိုင်းချစ်၊ အာပေတူး၊ ပေါ်လွင်၊ ဒိုမီနို၊ ပိုးပိုး၊ ငလက်မ၊ ဒဏ္ဍရီမ၊ ယုဇနနိုင်ဝင်း၊ ရွှေအိုး နဲ့ အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“သရဲလေးကောင်” ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၅ ရက်မှာ မြန်မာပြည်တွင်းက အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာလည်း ဖြစ်ပါတယ်။