MT News
၂၃. ၈. ၂၀၂၃
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင် စာရင်းအတွေ့ အကြုံများအရ လူဦးရေသန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀)နှစ် တွင် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကို ကောက်ယူလေ့ ရှိကြသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင်ရန် သန်းခေါင် စာရင်းကို မဖြစ်မနေ ကောက်ယူသွားရမည် ဖြစ်ကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာ ကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် မြို့နယ် (၂၀) အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀) တွင် ပဏာမ ဆောင်ရွက်သွားမည်ဖြစ်သည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက အဓိက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း သက်ဆိုင် ရာ ဝန်ကြီးဌာနက တင်ပြလာသော သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေး ရမည့်ကိစ္စရပ်များအပေါ် အချိန်နှင့်တစ်ပြေးညီ လမ်းညွှန်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။